News

POST TYPE

NEWS

သယ်ယူစရိတ်ကြောင့် ဆန်ဈေးတက်


မန္တလေး၊ မတ် ၁၃

သင်္ကြန်ကာလ နီးလာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာပြီး ဆန်ဈေးတက်လာကြောင်း မန္တလေးဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

“အခုက သင်္ကြန်ကလည်းနီးလာတယ်။ ပြီးတော့ ပြောင်းသင်္ဘောတွေ ဝင်နေတဲ့အတွက် ကားတွေကလည်း အဲ့ဒီပြောင်းတွေ သယ်နေတော့ ကားရဖို့ခက်လာတယ်။ အဲ့ဒီအတွက် ဆန်ဈေးနည်းနည်းတက်သွားတယ်” ဟု မန္တလေး ဆန်ကုန်စည်ဒိုင်နာယက ဦးသိန်းဇော်က ပြောကြားသည်။

သင်္ကြန်ကာလ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်နှင့်မန္တလေးသို့ သယ်ယူပို့ဆောင်ပေးမည့်ကားမျာ၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ် စသည့်မြို့များသို့ သယ်ယူပို့ဆောင်ပေးမည့်ကားများ ငှားရန်ခက်ခဲလာကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းသို့သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာသည့်အတွက် ဆန်တစ်အိတ်လျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ဝန်းကျင်အထိ ဈေးတက်သွားကြောင်း၊ ယင်းအပြင် သင်္ကြန်ကာလအကြို ဆန်ဝယ်ယူသိုလှောင်သူများကြောင့်လည်း ဆန်ဈေးတက်လာခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ ဆန်ကုန်သည်များ အသိုင်းအဝိုင်းအဆိုအရ သိရသည်။

“ဒီရက်ပိုင်းက ပြောင်းထွက်တဲ့ ရာသီဆိုတော့ ပြောင်းလည်း အပို့များတယ်။ ပြောင်းရယ်၊ ဆန်ရယ် အဓိကပို့ရတာပါပဲ။ သယ်ပို့စရိတ်က ဒီရက်ပိုင်း တစ်ပိဿာကို တစ်ကျပ်နှုန်းလောက် တက်တယ်။ ကားတွေကတော့ရှိပါတယ်”ဟု ထူးမြတ်အောင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။

ယခုလဆန်းပိုင်းက ကုန်စည်တစ် ပိဿာလျှင် ၆၅ ကျပ်မှ ၆၆ ကျပ်ဝန်းကျင် ရှိသော်လည်း မတ်လ ၁၂ ရက်နေ့တွင် တစ်ပိဿာလျှင် ၆၇ ကျပ်နှုန်း ဈေးရှိကြောင်း၊ ဆန်တစ်အိတ်သည် ၃၁ ပိဿာခန့်ရှိသောကြောင့် ကုန်စည်ခအနေနှင့် ကျပ် ၂၁၀၀ ခန့်ရှိကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ 

လက်ရှိတွင် ဆန်စီးမနော်တစ် အိတ်လျှင် ကျပ်၂၆,၅၀၀ မှ ၂၇,၅၀၀၊ မိကောက်တစ်အိတ်လျှင် ကျပ် ၂၈,၀၀၀ မှ ၂၈,၅၀၀၊ မကြမ်းတော တစ်အိတ်လျှင် ကျပ် ၃၆,၀၀၀ မှ ၃၇,၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဘေးကြား) တစ်အိတ်လျှင် ကျပ် ၅၃,၀၀၀ မှ ၅၄,၀၀၀၊ ရန်ကုန်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၇,၅၀၀ မှ ၄၂,၀၀၀ ကျပ်ခန့် ဈေးရှိကြောင်း ဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

M-04