News

POST TYPE

NEWS

အမျိုးသမီးတစ်ဦးကို ရည်းစားဖြစ်သူက ရိုက်သတ်
14-Mar-2018

ရန်ကုန်၊ မတ် ၁၃

ထန်းတပင်မြို့နယ် ကွင်းသာယာရပ်ကွက် အနောက်ပိုင်းတက္ကသိုလ်လမ်းရှိ နေအိမ်တစ်လုံးတွင် မတ် ၃ ရက်နေ့က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကို ရည်းစားဖြစ်သူက ရိုက်နှက်မှုကြောင့်ဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် မတ်လ ၉ ရက် နံနက် ၃ နာရီခန့်က သေဆုံးခဲ့သည်။ 

“ကောင်လေးက ကြိုးဆွဲချသေဆုံးတယ်ဆိုပြီး ဆေးရုံတင်လိုက်တာ။ ကျွန်မတို့က နောက်နေ့ကျမှ ဆေးရုံကိုလိုက်သွားတယ်။ သမီးက သတိမေ့မြောနေတာ။ မေးလို့လည်းမရဘူး။ အောက်ဆီဂျင်ပိုက်နဲ့ထားရတယ်။ သေသွားတော့မှ ဆရာဝန်ကနေ ဒဏ်ရာတွေ့တယ်၊ အမှုသွားဖွင့်ပါပြောမှ အသတ်ခံရတယ်ဆိုတာ သိရတာ” ဟု သေဆုံးသူမိန်းကလေး၏မိခင် ဒေါ်နန်းသိင်္ဂီက ရှင်းပြသည်။ 

ယင်းနေအိမ်ကို သေဆုံးသူမိန်းကလေးနှင့် ၎င်း၏ရည်းစားဖြစ်သူတို့ လွန်ခဲ့သော ၁၁ နှစ်ခန့်က အတူဝယ်ယူကာ သွပ်မိုး၊ ထရံကာ၊ နေအိမ်ဆောက်ကာ မကြာခဏတွေ့ဆုံ၍ နေထိုင်ခဲ့ကြောင်း၊ မတ်လ ၃ ရက် နံနက် ၈ နာရီခန့်က သေဆုံးသူ အမျိုးသမီးက မိဘနေအိမ်မှ ဈေးသွားဝယ်မည်ဟုဆိုကာ ထွက်သွားပြီး အခင်းဖြစ်နေအိမ်သို့ ရောက်ရှိကာ ၎င်း၏ရည်းစားဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများရန်ဖြစ်သည်ကို ပတ်ဝန်းကျင်နေထိုင်သူများက ကြားသိခဲ့ပြီးနောက် ညနေ ၄ နာရီခန့်တွင် ကြိုးဆွဲချ အဆုံးစီရင်သည်ဟုဆိုကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရည်းစားဖြစ်သူမှ ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

သေဆုံးခဲ့သော အမျိုးသမီးတွင် ဦးခေါင်းနောက်စေ့၊ အုတ်ခွံကြွေမွဒဏ်ရာ၊ နဖူးတွင် အတွင်းကြေဒဏ်ရာ၊ လည်ပင်းကြိုးပွန်းဒဏ်ရာများဖြင့် သေဆုံးမှုကို ဆက်လက်စစ်ဆေးနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး၏ထောက်ခံချက် ဆေးစာကို စောင့်ဆိုင်းနေကြောင်း တက်သစ်နယ်မြေရဲစခန်းထံမှ စုံစမ်းသိရသည်။ 

“ဖြစ်တဲ့နေ့က သူတို့သမီးရည်းစားနှစ်ယောက်တည်း အဲဒီအိမ်မှာရှိတာ။ သူတို့က မင်္ဂလာမဆောင်ဘဲ အဲဒီအိမ်မှာ အတူနေလာတာ ၁၁ နှစ်လောက်ရှိပြီ၊ မင်္ဂလာဆောင်ဖို့ကိစ္စပြောဆိုတိုင်း သူတို့သမီးရည်းစားနှစ်ယောက် အမြဲတမ်းရန်ဖြစ်တယ်။ ကျွန်မတို့ရှေ့မှာလည်း ဖြစ်တယ်။ အခုအထိ သမီးရဲ့အလောင်းကို သင်္ဂြိုဟ်ခွင့်မရသေးဘူး၊ အမှုမဖွင့်ရသေးတဲ့အတွက်၊ ရဲကတော့ သင်္ဂြိုဟ်ဖို့ပြောတယ်။ ဒါပေမဲ့ မသင်္ဂြိုဟ်ရဲသေးဘူး”ဟု သေဆုံးသူ၏ မိခင် ဒေါ်နန်းသိင်္ဂီက ဆက်လက်ပြောကြားသည်။

J-16