News

POST TYPE

NEWS

ငါးမဖမ်းရကာလ၌ ပင်လယ်ပြင်ငါးဖမ်းခွင့် ၃၀ ရာခိုင်နှုန်း ခွင့်ပြုရန် လုပ်ငန်းရှင်များတောင်းဆို
14-Mar-2018



ရန်ကုန်၊ မတ် ၁၃

ယခုနှစ် ငါးမဖမ်းရကာလ၌ မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးဖမ်းခွင့် လုံးဝပိတ်ပင်လိုက်ခြင်းကို လျှော့ပေါ့၍ ငါးဖမ်းခွင့် ၃၀ ရာခိုင်နှုန်း ခွင့်ပြုပေးရန် ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။ 

၂၀၁၈ ခုနှစ်အတွက် ငါးမဖမ်းရကာလအဖြစ် မေလ ၁၆ ရက်နေ့မှစကာ ဩဂုတ်လ ၁၅ ရက်နေ့အထိ သုံးလတာ သတ်မှတ်လိုက်ရာ ယခင်နှစ်များက ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ ငါးဖမ်းခွင့်ပြုခဲ့သော်လည်း ယခုနှစ်၌ ငါးဖမ်းခွင့် လုံးဝ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ 

ငါးမဖမ်းရကာလ သုံးလတာအတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များ အားလုံးကို ငါးဖမ်းဆီးခြင်း မပြုလုပ်ရန် တားမြစ်ထားပြီး ငါးဖမ်းကွက် စုစုပေါင်း ၁၄၀ လုံးကိုလည်း ငါးမဖမ်းရ ဧရိယာများအဖြစ် ယခုနှစ်တွင် သတ်မှတ်ထားခြင်းဖြစ်သည်။

“ငါးဖမ်းခွင့်ကို အကုန်မပိတ်ဘဲနဲ့ အရင်နှစ်ကလိုပဲ ၃၀ ရာခိုင်နှုန်းဖွင့်ပေးဖို့ တောင်းဆိုထားတာကို ဝန်ကြီးဆီကို စာရေးပြီး ပြန်တင်ပြထားပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

အဆိုပါငါးဖမ်းခွင့် လုံးဝပိတ်ပင်လိုက်ခြင်းနှင့်ပတ်သက်၍ ၃၀ ရာခိုင်နှုန်း ခွင့်ပြုပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ပြန်လည်တင်ပြထားပြီး တင်ပြချက်ကို ပညာရှင်များနှင့် ဝိုင်းဝန်းဆွေးနွေးပြီးမှသာ ဖမ်းဆီးခွင့်ရာခိုင်နှုန်းကို ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အခုလို ငါးဖမ်းခွင့်ကို သုညရာခိုင်နှုန်း (ငါးဖမ်းခွင့်လုံးဝပိတ်) သတ်မှတ်လိုက်တာ ရေလုပ်သားတွေမှာ အခက်အခဲတွေ များစွာရှိနိုင်ပါတယ်။ သိန်းနဲ့ချီတဲ့ ရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကုန်မှာပါ။ ကျွန်တော်တို့ အစိုးရကို တောင်းဆိုတာက ငါးဖမ်းဆီးခွင့်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ပေးဖို့ပါ” ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားသည်။ 

ငါးမဖမ်းရရာသီ စတင်သတ်မှတ်သည့် ၂၀၁၀ ပြည့်နှစ်ကတည်းကပင် ငါးမဖမ်းရကာလတွင် ငါးဖမ်းခွင့်ကို ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံး၏ ၇၅ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းအထိ ငါးဖမ်းခွင့်ကို အဆင့်ဆင့်လျှော့ချသတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ငါးဖမ်းခွင့်ကို လုံးဝမပေးဘဲ ပိတ်ပင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက သတ်မှတ်ခြင်းဖြစ်သည်။

“ဖမ်းတဲ့သူတွေအတွက်လည်း သင့်တင့်မျှတအောင်၊ စားတဲ့သူတွေအတွက်လည်း ရေရှည်စားသုံးလို့ရအောင် လုပ်ပေးတာ။ တရုတ်မှာကျ ငါးဖမ်းရာသီပိတ်လိုက်ပြီဆိုရင် ထောက်ပံ့ပေးတဲ့ဟာရှိတယ်။ ဒီမှာကျ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် မပေးနိုင်ဘူး။ လုပ်ငန်းရှင်တွေရော၊ အစိုးရရော ငါးမဖမ်းရကာလမှာ ထောက်ပံ့ပေးဖို့ကိစ္စ ဆွေးနွေးထားတာရှိတယ်”ဟု ဦးထွန်းဝင်းမြင့်က ဆက်လက်ပြောဆိုသည်။

J-11