News

POST TYPE

NEWS

ကားမဝယ်ပေး၍ သားဖြစ်သူက မိဘနှစ်ပါးကို ဓားမဖြင့် ခုတ်၊ ဖခင်ဖြစ်သူ သေဆုံး
ရန်ကုန်၊ မတ် ၁၃

ရှမ်းပြည် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ သီရိရပ်ကွက်တွင် မတ်လ ၁၂ ရက် ည ၈ နာရီဝန်းကျင်က မော်တော်ယာဉ်မဝယ်ပေးသည့် မိဘနှစ်ပါးကို သားအရင်းဖြစ်သူက ဓားမဖြင့်ခုတ်ခဲ့သောကြောင့် ဖခင်ဖြစ်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မိခင်မှာ တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူ အသက် ၂၇ နှစ် စိုင်းထွန်းလင်းမှာ မွေးချင်းသုံးဦးတွင် အလတ်ဖြစ်ပြီး ယင်းညက မိဘနှစ်ပါးကို ၎င်းအား မော်တော်ယာဉ်တစ်စီးဝယ်ပေးရန် ပြောဆိုခဲ့ရာ လတ်တလော မဝယ်ပေးနိုင်သေးကြောင်း ဖခင်ဖြစ်သူကပြောသဖြင့် စိုင်းထွန်းလင်းက မိခင်နှင့် ဖခင်တို့ကို ဓားမဖြင့် ဆင့်ခုတ်ခဲ့ကြောင်း ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းလွင်က ပြောသည်။

“ဒီလူက ဆေးစွဲနေတာ။ ရန်ကုန်က ရွာသာကြီးမှာ ဆေးလာဖြတ်ပြီး ပြန်လာတာ ငါးရက်ပဲ ရှိသေးတယ်။ အခင်းဖြစ်ညက မိဘနှစ်ပါးကို ကားဝယ်ပေးဖို့ သူက ပူဆာခဲ့တယ်။ ဆေးဖြတ်ခါစပဲ ရှိသေးတာမို့ ဖအေနဲ့ မအေက မဝယ်ပေးသေးဘူး။ အခြေအနေစောင့်ကြည့်ဦးမယ်ပြောလို့ သူက ဓားမနဲ့ မိဘတွေကို ခုတ်ခဲ့တာ။ ဖအေက ပွဲချင်းပြီး ဆုံးသွားတယ်။ မအေဖြစ်သူရဲ့ ဒဏ်ရာအခြေအနေကလည်း အတော်စိုးရိမ်ရတယ်”ဟု ရဲမှူး အုန်းလွင်က ရှင်းပြသည်။

ဓားမဖြင့် ဆင့်ခုတ်ခံရသည့် ဖခင်ဖြစ်သူ အသက် ၅၉ နှစ် ဦးသန်းထွန်းမှာ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ဝင်းရွှေမှာ တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ဆေးကုသမှုခံယူနေကြောင်း၊ ယင်းဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သည်ဆိုသူ စိုင်းထွန်းလင်းကို ဖမ်းဆီးပြီး ဆီဆိုင် မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03