News

POST TYPE

NEWS

ခရိုနီ အရှုပ်တော်ပုံကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဖိအားပေးခံရ


တိုကျို၊ မတ် ၁၂

စာရွက်စာတမ်းများကို လိမ်ညာဖော်ပြရန် ပြင်ဆင်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆို ဝန်ခံလိုက်ပြီးနောက် ခရိုနီအရှုပ်တော်ပုံနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဖိအားပေးခံနေရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်၏ဇနီး အကီအီနှင့် ရင်းနှီးသည့် ကျောင်းလုပ်ငန်းရှင်တစ်ဦးထံသို့ နိုင်ငံပိုင်မြေများကို အလွန်အမင်း ဈေးလျှော့ရောင်းချခဲ့မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်အာဘေးအပေါ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။

အာဘေးနှင့် ဇနီးတို့က မာရီတိုမိုဂါကူအန် ကျောင်းလုပ်ငန်းကို မျက်နှာသာပေးခဲ့ခြင်းမရှိကြောင်း ထပ်ခါတလဲလဲ ဖြေရှင်းထားသလို ယင်းကဲ့သို့သော အထောက်အထားတွေ့ရှိပါက ရာထူးမှ နုတ်ထွက်မည်ဟုလည်း ကတိကဝတ်ပြုထားရသည်။

သို့သော်လည်း မြေရောင်းချမှုနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို လိမ်ညာနိုင်ရန် ပြင်ဆင်ခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိများက ပြောကြားထားကြောင်း ဂျပန်အာဏာရ LDPပါတီ ပါလီမန်ရေးရာအရာရှိ မာရီယာမက ပြောကြားသွားသည်။

ထို့ပြင် မြေရောင်းမှုကိုကိုင်တွယ်ခဲ့သည့် ဒေသဆိုင်ရာရုံးမှ ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတစ်ဦး သေဆုံးခဲ့မှုကိုလည်း မိမိကိုယ်ကိုယ်သတ်သေခြင်း ဟုတ်၊ မဟုတ်ကိုမူ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

ရှင်ဇိုအာဘေးသည် ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးကို ခဏတာ လက်ခံရရှိခဲ့သော်လည်း အစိုးရအဖွဲ့အတွင်း အရှုပ်တော်ပုံများ၊ ပါလီမန်အကျပ်အတည်း ပြဿနာများ၊ ကျန်းမာရေး ဆိုးရွားမှု စသည်တို့ကြောင့် ရာထူးမှ နုတ်ထွက်လိုက်ရသည်။

၎င်းသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဝန်ကြီးချုပ်အာဏာကို ပြန်လည်ရရှိခဲ့ပြီးနောက် ဂျပန်စီးပွားရေးကို ပြန်လည်ပြင်ဆင်မည်၊ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း ခရိုနီအရှုပ်တော်ပုံသတင်း ပေါ်ထွက်လာသဖြင့် အာဘေးအပေါ် ထောက်ခံမှု သိသိသာသာကျဆင်းခဲ့ရပြီး လက်ရှိတွင် အသစ်ပေါ်ထွက်လာသည့် အထောက်အထားများကြောင့် ဝန်ကြီးချုပ်အပေါ် သံသယများ ပြန်လည်ထွက်ပေါ်လျက်ရှိသည်။

F-05