News

POST TYPE

NEWS

စော်ဘွားများ၏ဟော်နန်း နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရန် စီစဉ်
13-Mar-2018

ကလေး၊ မတ် ၁၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကို အုပ်ချုပ်ခဲ့သည့် ရှမ်းစော်ဘွားစဝ်ညီခေါင် လက်ထက်မှ စတင်တည်ထောင်ထားသည့် ဟော်နန်းနှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူမည်ဖြစ်ကြောင်း ခန္တီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စိုင်းဝင်းလှိုင်က ပြောကြားသည်။ 

ခန္တီးမြို့၊ မြို့မရပ်ကွက်၊ စော်ဘွားဝင်းအတွင်းရှိ ရှမ်းစော်ဘွားဟော်နန်း အထိမ်းအမှတ်ပွဲတော်ကို မတ်လ ၂၄ ရက်နေ့မှစ၍ မတ်လ ၂၅ ရက်နေ့အထိ နှစ်ရက်အကြာ ခန္တီးမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ရှမ်းရိုးရာကွင်းအတွင်း ကျင်းပချိန်၌ အထိမ်းအမှတ် ကျောက်စာတိုင်ကိုလည်း စော်ဘွားဟော်နန်းရှေ့တွင် စိုက်ထူမည်ဖြစ်သည်။

အမြင့် ၇ ပေရှိ ကျောက်တိုင်၏အခြေတွင် ရှမ်းစော်ဘွားစဝ်ညီခေါင်၏လက်ထက်မှစ၍ စော်ဘွားမျိုးဆက် ၁၃ ဆက်၏ သမိုင်းအကျဉ်းကို အနံ ၂ ပေ အလျား ၃ ပေ ရှိ ကျောက်စာတွင် မြန်မာစာဖြင့် ရေးထိုးကာထားရှိမည်ဖြစ်ကြောင်း ခန္တီးမြို့ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များက ပြောကြားသည်။ 

“ရှမ်းလူမျိုးတွေက ခန္တီးမှာ နှစ်ပေါင်းများစွာတည်းက အုပ်ချုပ်အခြေချနေထိုင်ခဲ့ကြတယ်ဆိုတာ နောင်လာနောင်သားတွေ သိစေချင်တဲ့အတွက် ဒီကျောက်တိုင်ကို စိုက်ထူတာဖြစ်ပါတယ်”ဟု ခန္တီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးကဝိပါလက မိန့်ဆိုသည်။ 

ဟော်နန်းနှစ် ၂၀၀ ပြည့်ပွဲတွင် စိုက်ထူမည့် ကျောက်တိုင်၏အပေါ်ထိပ်တွင် စော်ဘွား ၁၃ ဆက်ထဲမှ နောက်ဆုံးစော်ဘွားဖြစ်သည့် သီရိပျံချီ ငြိမ်းချမ်းရေးဘွဲ့တံဆိပ်တော်ရ စဝ်မြစိန်ခွန်နွယ်၏ ကိုယ်တစ်ပိုင်းပုံတူရုပ်တုကိုလည်း ထားရှိမည်ဖြစ်ကြောင်း ခန္တီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီထံမှ သိရသည်။

ခန္တီးမြို့ကို မြန်မာသက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ရှမ်းစော်ဘွားစဝ်ညီခေါင်က စတင်အုပ်ချုပ်ခဲ့ပြီး စော်ဘွားမျိုးဆက် ၁၃ ဆက်တို့က ဆက်လက်အုပ်ချုပ်ခဲ့ရာ မြန်မာသက္ကရာဇ် ၁၃၁၄ ခုနှစ်အထိ နောက်ဆုံးအုပ်ချုပ်ခဲ့သော စော်ဘွားစဝ်မြစိန် ခွန်နွယ်အထိ ၁၃၆ နှစ်ကြာအောင် အုပ်ချုပ်ခဲ့ကြောင်း ခန္တီးမြို့ စော်ဘွားနန်းစဉ် မှတ်တမ်းအရသိရသည်။

R-20