News

POST TYPE

NEWS

ဂျာမနီတွင် ဗလီများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးရန် တူရကီ အစ္စလာမ်အုပ်စု တောင်းဆို


ဘာလင်-အန်ကာရာ၊ မတ် ၁၂ 

ဂျာမနီတွင် မွတ်ဆလင်များ ဝတ်ပြုသည့်နေရာများနှင့် ဗလီများကို ပိုမိုကာကွယ်ပေးရန် တူရကီ အစ္စလာမ်အုပ်စု DITIB က ဂျာမန်အာဏာပိုင်များကို တောင်းဆိုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဗလီများနှင့် မွတ်ဆလင်စင်တာများ အမြောက်အမြား တိုက်ခိုက်ခံရပြီးနောက် ယင်းသို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ညက ဘာလင်ရှိ ဗလီတစ်ခု မီးရှို့တိုက်ခိုက်ခံရမှုသည် နှစ်လအတွင်း ဗလီများကို ၂၄ ကြိမ်မြောက် ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု DITIB က သတင်းထုတ်ပြန်သည်။

DITIB ၏ ကြေညာချက်တွင် မွတ်ဆလင်များ ဝတ်ပြုရန်နေရာများကို သေချာစွာ အကာအကွယ်ပေးရန်၊ နောက်ကွယ်မှ ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ရန်နှင့် အပြစ်ရှိသူများကို တရားစီရင်ရန် တောင်းဆိုထားသည်။

ယခုအချိန်သည် တစ်စုံတစ်ဦးကို မထိခိုက်မီ အဖြေရှာရမည့်အချိန်ဖြစ်ပြီး နေ့စဉ် မွတ်ဆလင်များအား ခွဲခြားဆက်ဆံမှုများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေမှုကို နိုင်ငံရေးသမားများနှင့် ရပ်ရွာအသိုင်းအဝိုင်းများက နှုတ်ဆိတ်နေကြသည်ဟု DITIB က စွပ်စွဲပြောဆိုထားသည်။

ယင်းသို့ နှုတ်ဆိတ်နေမှုသည် သိပါလျက်နှင့် လက်သင့်ခံပေးခြင်းဖြစ်သည်ဟု လက်ယာစွန်းအုပ်စုများနှင့် ပြည်ပအကြမ်းဖက်အုပ်စုများက ယူဆသွားနိုင်ကြောင်း တူရကီအစိုးရနှင့် နီးစပ်သော DITIB က ပြောကြားသည်။

ဘာလင်မြို့ ရီနစ်ကင်ဒေါ့ခရိုင်ရှိ ဗလီကို ဆယ်ကျော်သက်လူငယ်သုံးဦးက မီးရှို့သွားခြင်းဖြစ်သည်ဟု ရဲများက ပြောကြားသည်။ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ဗလီ၏အတွင်းနှင့်အပြင် လုံးဝပျက်စီးသွားသည်ဟု ဗလီစီမံခန့်ခွဲသူများက ပြောကြားသည်။

ထို့ပြင် တနင်္ဂနွေနေ့က ဂျာမနီအနောက်ပိုင်း မက်ချက်ဒီမြို့ရှိ တူရကီ ရွှေ့ပြောင်းနေထိုင်သူများအသင်းနှင့် သောကြာနေ့က တောင်ပိုင်း လော်ဖန်မြို့မှ ဗလီတစ်ခုတို့ကို မီးလောင်ဗုံးများဖြင့် ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့သည်။ 

ယင်းဖြစ်ရပ်များကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေပြီး ထိခိုက်ဒဏ်ရာရသူ မရှိဟု သိရှိရသည်။

၂၀၁၇ ခုနှစ်အတွင်း ဂျာမနီနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုပေါင်း ၉၅၀ ခန့် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ၎င်းအမှုအများစုကို လက်ယာစွန်းအဖွဲ့များက ကျူးလွန်ကြခြင်းဖြစ်သည်။

ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်နယ်မြေကို တူရကီစစ်ဘက်က ထိုးစစ်ဆင်မှုကြောင့် ကာ့ဒ်အသိုင်းအဝိုင်းများက တူရကီတို့ကို အမျက်ထွက်နေချိန်တွင် ဖြစ်ပေါ်ခဲ့သော အဆိုပါနောက်ဆုံးမီးရှို့ တိုက်ခိုက်များတွင် နိုင်ငံရေးရည်ရွယ်ချက် ရှိနိုင်သလား ဆိုသည်ကိုလည်း ဂျာမန်ရဲများက စုံစမ်းစစ်ဆေးနေသည်။

F-04