News

POST TYPE

NEWS

နန်းဖာလုံဈေး ယာယီဆိုင်ခန်းများ ယခုလအတွင်း ပြီးစီးမည်
13-Mar-2018



ကလေး၊ မတ် ၁၂

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မြန်မာ - အိန္ဒိယနယ်စပ် နန်းဖာလုံဈေးတွင် လက်ရှိ ယာယီဈေးဆိုင်ခန်းများ တည်ဆောက်နေမှုမှာ ယခုလအတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း တမူးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ညက မီးလောင်မှုကြောင့် နန်းဖာလုံဈေးအတွင်းရှိ ဈေးဆိုင်ခန်းပေါင်း ၅၃ ခန်း မီးလောင်ပျက်စီးခဲ့ရာ မီးလောင်ခဲ့သည့်နေရာတွင် ဈေးဆိုင်ခန်းများ ပြန်လည်မတည်ဆောက်ပြီး မီကာလအတွင်း ယာယီဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနိုင်ရန်အတွက် နန်းဖာလုံဈေး တောင်ဘက် နန်းဖာလုံဈေးဝင်းအတွင်း ၁၀ ပေ ပတ်လည် အကျယ်အဝန်းရှိ ယာယီဈေးဆိုင်ခန်းများ တည်ဆောက်ပေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါဈေးဆိုင်ခန်းများ တည်ဆောက်နေမှုအနေနှင့် မတ်လ ၁၂ ရက်နေ့၌ တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သဖြင့် မတ်လအတွင်း အပြီးသတ် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒုက္ခရောက်တဲ့သူတွေအတွက် အချိန်မီနဲ့ အမြန်ဆုံးတည်ဆောက်ပေးပြီးတော့ ပြန်လည်ပြီးတော့ လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ပံ့ပိုးကူညီနေခြင်းဖြစ်ပါတယ်”ဟု စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ဆိုသည်။

ယာယီ ဈေးဆိုင်ခန်းတည်ဆောက်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သိန်း ၂၁၀ နှင့် အလှူငွေ ၁၀ သိန်းတို့ဖြင့် အသုံးပြုတည်ဆောက်နေခြင်းဖြစ်ကြောင်း တမူးမြို့၊ စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“လောလောဆယ်တော့ ဂိုဒေါင်ရှိတဲ့သူတွေက ဂိုဒေါင်ကို ဆိုင်ခန်းလုပ်ရောင်းနေရတာပေါ့။ ဂိုဒေါင်မရှိတဲ့သူတွေကျတော့ စားပွဲလေးတွေပဲ အပြထွက်တာပေါ့။ စားပွဲတစ်လုံးလောက်ချထားပြီး ပစ္စည်းယူမယ်ဆိုရင် တမူးကနေ တစ်ခါတည်းသယ်ပြီး ပေးလိုက်တာပေါ့”ဟု နန်းဖာလုံဈေးမှ ဦးကျော်ဆန်းလင်းက ပြောဆိုသည်။

နန်းဖာလုံဈေးသည် ၁၉၉၅ - ၉၆ ခုနှစ်မှ စ၍ တရားဝင်နယ်စပ်ဈေးအဖြစ် ဖွင့်လှစ်ရောင်းချနေသည့် ဈေးတစ်ခုလည်းဖြစ်ကာ မြန်မာ - အိန္ဒိယ နယ်စပ်တစ်လျှောက်တွင် အကြီးဆုံး အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးဖြစ်အဝတ်အထည်များ၊ ဒေသထွက် သီးနှံများ၊ စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် ဆောက်လုပ်ရေးပစ္စည်းများ ရောင်းချနေသည့်ဈေးဖြစ်သည်။

R-20