News

POST TYPE

NEWS

အမှတ် (၃) လမ်းတွင် ၂၂ ဘီးတွဲယာဉ်က လမ်းဖြတ်ကူးသူကို ဝင်တိုက်
13-Mar-2018



ရန်ကုန်၊ မတ် ၁၂

မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းတွင် မတ်လ ၁၁ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က ၂၂ ဘီးတွဲယာဉ်က လမ်းဖြတ်ကူးနေသည့်အမျိုးသားတစ်ဦးကို ဝင်တိုက်ခဲ့ရာ ယာဉ်တိုက်ခံရသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ထောက်ကြန့်ဘက်မှ အောင်မင်္ဂလာအဝေးပြေးဘက်သို့ အမှတ် (၃) လမ်းအတိုင်း မောင်းနှင်လာသော ဟွန်ဒိုင်းအမျိုးအစား ၂၂ ဘီးတွဲယာဉ်တစ်စီးသည် ယင်းနေ့က အထက (၄) ကျောင်းရှေ့အနီးအရောက် လမ်းဖြတ်ကူးသူအမျိုးသားကို ဝင်တိုက်ရာ ပေါက်ပြဲကျိုးပဲ့ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူကို ထောက်ကြန့်နယ်မြေရဲစခန်းက ယာဉ် (ပ) ၁၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“သေသွားတဲ့သူက နဝရတ်လမ်းသွယ်ထဲကနေ အမှတ် (၃) လမ်းပေါ်ကို တက်လာတာ။ လမ်းပေါ်မှာ ဘိလပ်မြေတွေတင်လာတဲ့တွဲကားက ဝင်တိုက်လိုက်တာ၊ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး၊ အသက်ကတော့ ၄၀ ဝန်းကျင်အရွယ်ပဲ၊ ယာဉ်မောင်းကတော့ ယာဉ်ကိုထားပြီး ထွက်ပြေးသွားတယ်”ဟု ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ရှင်းပြသည်။ 

အလားတူ မတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်း တိုးချဲ့မှတ်တိုင်အနီးလမ်းလယ်တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်ဝင်တိုက်ရာ အသက် ၃၅ နှစ်နှင့် ၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦး ထိခိုက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သည်ဟုဆိုသော အမျိုးသားနှစ်ဦးကို လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16