News

POST TYPE

NEWS

ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်း၏သမီး အဆိပ်ခတ်မခံရသင့်ဟု မိတ်ဆွေဖြစ်သူ ပြောဆို
11-Mar-2018



လန်ဒန်၊ မတ် ၁၀

ဗြိတိန်တွင် ခိုလှုံနေသော ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်းနှင့် အတူအဆိပ်ခတ်ခံခဲ့ရသော သမီးဖြစ်သူမှာ ပစ်မှတ်ထား သတ်ဖြတ်ရလောက်အောင် မည်သည့်အရာမှ လုပ်ခဲ့သူမဟုတ်ကြောင်း မိတ်ဆွေတစ်ဦးက BBC သတင်းဌာနသို့ ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်က ယူလီယာနှင့် ဆာဂေးစကရီပဲလ်တို့ နှစ်ဦးစလုံး အဆိပ်မိပြီး သတိလစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ယူလီယာ၏ ငယ်သူငယ်ချင်း အီရီနာပက်ထရိုဗာကစကရီပဲလ်မိသားစုသည် ပြည့်စုံအေးချမ်းသည့် မိသားစုမျိုးဟု မှတ်ချက်ပေးခဲ့သည်။ 

သို့သော်လည်း လူအများက သူတို့အကြောင်းကို လူသိရှင်ကြားပြောဆိုရန် ကြောက်ရွံ့နေကြသည်ဟု ထင်မိကြောင်း ပက်ထရိုဗာက ဆိုသည်။
 
“ကျွန်မလည်းကြောက်တယ်။ ဘယ်သူမှ ဒီအကြောင်းမပြောရဲဘူး။ သူ့ဆွေမျိုးတွေကတောင် မပြောရဲဘူး”ဟု ပက်ထရိုဗာက ဆိုသည်။

အသက် ၃၃ နှစ်အရွယ် ယူလီယာနှင့် အသက် ၆၆ နှစ်အရွယ် ဖခင်ဖြစ်သူ ဆာဂေးစကရီပဲလ်တို့သည် အာရုံကြောစနစ်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်သည့် ဓာတုအဆိပ် (nerve agent) နှင့် ထိတွေ့ခဲ့ပြီး ဝစ်လ်ရှိုင်းယား၊ ဆာလစ်ဘာ ရီရှိရှော့ပင်းစင်တာတစ်ခုမှ ခုံတန်းပေါ်တွင် သတိလစ်သွားခဲ့သည်။ 

အချိန်မီတွေ့ရှိခဲ့သောကြောင့်သာ ဆေးရုံတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကုသလျက်ရှိဆဲဖြစ်သည်။

ယခုဖြစ်စဉ်အတွက် အစိုးရအဖွဲ့ အရေးပေါ်ကော်မတီ Cobra အစည်းအဝေးကို ပြည်ထဲရေးဝန်ကြီး အမ်ဘာရုဒ်ကိုယ်တိုင် ဦးဆောင်ပြီး ကျင်းပသွားမည်ဖြစ်သည်။

လုံခြုံရေးဝန်ကြီး ဘင်ဝေါလေ့စ်က ယခုလုပ်ရပ်သည် ကြောက်မက်ဖွယ်ရလဒ် ထွက်လာနိုင်သော အလွန်ဆိုးရွားသည့် ဖြစ်စဉ်မျိုးဖြစ်ပြီး ဗြိတိန်အစိုးရဘက်က အစွမ်းကုန်တုံ့ပြန်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

“တစ်ယောက်ယောက်က ကျုပ်တို့မြေကို လာတယ်၊ အဆင်ခြင်မဲ့၊ အရှက်မဲ့စွာနဲ့ ဒီလိုဆိုးရွားတဲ့ ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့တယ်။ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ ဓာတုအဆိပ်ဆိုတာ နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားတဲ့အရာဖြစ်ပြီး လူတွေအများကြီး အန္တရာယ်ရှိစေနိုင်တဲ့ အရာမျိုးပါ”ဟု ဝေါလေ့စ်က ပြောကြားခဲ့သည်။

စကီရီပဲလ်သည် ရုရှားသူလျှို အဖြစ်မှနေ၍ ဗြိတိန်ထောက်လှမ်းရေးအတွက်ပါ နှစ်ဖက်ချွန် သူလျှိုလုပ်ပေးခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းမှုကိုမူ ဝေါလေ့စ်က ယင်းသို့သော လျှို့ဝှက်ချက် မေးမြန်းမှုမျိုးများကို အစိုးရဘက်က ဖြေကြားနိုင်ခြင်းမရှိဟု တုံ့ပြန်ခဲ့သည်။

ရုရှားသူလျှိုဟောင်း စကရီပဲလ်သည် ၂၀၀၆ ခုနှစ်တွင် ရုရှားနိုင်ငံ၌ ထောင် ၁၃ နှစ်ကျခံခဲ့ရသည်။ ထို့နောက် လေးနှစ်အကြာတွင် သူလျှိုလဲလှယ်ရေး အစီအစဉ်အရ ပြန်လွတ်လာခဲ့ပြီး ဗြိတိန်တွင် ခိုလှုံခွင့်ရခဲ့သူဖြစ်သည်။

ယူလီယာမှာမူ ဗြိတိန်တွင် ငါးနှစ်ကြာမျှ နေထိုင်ခဲ့သော်လည်း နိုင်ငံသားအဖြစ် မခံယူခဲ့ဘဲ ရုရှားတွင် ပြန်လည်နေထိုင်သူဖြစ်ကာ ဖခင်ဖြစ်သူထံလာလည်စဉ် ယခုကဲ့သို့ နှစ်ဦးစလုံး အဆိပ်ခတ် ခံခဲ့ရခြင်းဖြစ်သည်။

ယူလီယာ၏ အမေ၊ ဦးလေးနှင့်အစ်ကိုတို့ပါ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ဆုံးပါးသွားခဲ့ကြရာ ယခုအခါ အမေနှင့်အစ်ကို၏ အလောင်းကို ပြန်ဖော်ပြီး စစ်ဆေးလျက်ရှိသည်။ 

F-03


  • VIA