News

POST TYPE

NEWS

ဂျပန်ရေတပ်က ရိုကိုအေဇူးမားကို စစ်သင်္ဘောအုပ်၏ ပထမဆုံး အမျိုးသမီးအုပ်မှူးအဖြစ် ခန့်အပ်
08-Mar-2018

တိုကျို၊ မတ် ၇

ရိုကိုအေဇူးမားသည် ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွင် ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်အုပ်မှူး ဖြစ်လာသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့က ယိုကိုဟားမား ဆိပ်ကမ်းတွင် စစ်ရေယာဉ်အုပ်မှူး အေဇူးမားကို ကြိုဆိုသော အခမ်းအနားတွင် ရေတပ်သား ၄၀၀ ခန့် တက်ရောက်ခဲ့သည်။

အေဇူးမားသည် စစ်သင်္ဘောလေးစင်းနှင့် ရေယာဉ်အမှုထမ်း ၁၀၀၀ ပါဝင်သော ပထမဆုံး ကင်းလှည့်သင်္ဘောအုပ်ကို ကွပ်ကဲရမည်ဖြစ်သည်။ စစ်ရေယာဉ် အမှုထမ်းများတွင် အမျိုးသမီး ၃၀ သာ ပါဝင်သည်။

“ကိုယ့်ကိုယ်ကိုယ် မိန်းမတစ်ယောက် ဖြစ်တယ်လို့ ဘယ်တော့မှ မစဉ်းစားဘူး။ တပ်မှူးတစ်ယောက်အနေနဲ့ တာဝန်ကျေဖို့ကိုပဲ အာရုံစူးစိုက်ထားတယ်”ဟု အေဇူးမားက သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားသည်။

ဂျပန်ရေတပ်၏ အမျိုးသမီးအရာရှိများတွင် အေဇူးမားအပြင် သင်္ဘောကပ္ပတိန်လေးဦးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန ဗိုလ်ချုပ်တစ်ဦး ရှိသေးသည်ဟု သိရှိရသည်။

စံပြအရာရှိတစ်ဦး ဖြစ်ချင်သလားဟု သူမကို မေးမြန်းသောအခါ “အခြားသူတွေကို လှုံ့ဆော်ပေးရတဲ့သူဖြစ်ရတာ သဘောကျတယ်”ဟု ပြောကြားသည်။

ဒီတာဝန်အတွက် အမျိုးသမီးတစ်ဦးကို ပထမဆုံး ခန့်အပ်တာဖြစ်ပါတယ်”ဟု ရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားသည်။

ဂျပန်ရေကြောင်းကာကွယ်ရေး တပ်ဖွဲ့ (ရေတပ်) တွင် စစ်သင်္ဘော ၁၅၄ စင်း၊ လေယာဉ် ၃၄၆ စင်းနှင့် အမှုထမ်း ၄၅,၈၀၀ ရှိပြီး အဓိကတာဝန်များမှာ ပင်လယ်ရေလမ်းကြောင်းများနှင့် ဂျပန်ရေပိုင်နက်ကို ထိမ်းသိမ်းကာကွယ်ခြင်း၊ ကုလဦးဆောင်သော ငြိမ်းချမ်းမှုထိမ်းသိမ်းရေး လုပ်ငန်းများတွင် ပါဝင်ခြင်း၊ မိတ်ဆွေတပ်ဖွဲ့များကို အန္တရာယ်မပြုမီ ရန်သူများကို ကြားဖြတ်ဟန့်တားခြင်း စသည်တို့ဖြစ်သည်။

အေဇူးမား ၄၄ နှစ်သည် အမျိုးသမီးများကို စစ်သင်္ဘောများတွင် တာဝန်ထမ်းဆောင်ခွင့်မပြုသော ၁၉၉၆ ခုနှစ်က ဂျပန်ရေတပ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဆယ်နှစ်အကြာတွင် ထိုစည်းမျဉ်း ပြောင်းလဲသွားခဲ့သည်။

ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွင် လောလောဆယ် အမျိုးသမီးတပ်ဖွဲ့ဝင် ၁၄၀၀၀ ခန့်ရှိပြီး တပ်ဖွဲ့ဝင်စုစုပေါင်း၏ ၆ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၃၀ တွင် အမျိုးသမီးတပ်ဖွဲ့ဝင်များကို ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။ 

F-04

  • VIA