News

POST TYPE

NEWS

ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းပြပွဲ ITB 2018 ကို ဘာလင်တွင် ဖွင့်လှစ်


ဘာလင်၊ မတ် ၇

ဂျာမနီနိုင်ငံ ဘာလင်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၁၀,၀၀၀ ခန့် ပါဝင်တက်ရောက်ကြသော ခရီးသွားလုပ်ငန်းပြပွဲကို ဖွင့်လှစ်လိုက်ပြီး ခရီးသွားလာခွင့်ပိတ်ပင်မှုများ၊ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုများ၊ နိုင်ငံရေး မငြိမ်သက်မှုများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့် အားလပ်ရက်ခရီးသွားလုပ်ငန်း စီစဉ်သူများကို မဟန့်တားနိုင်ခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ဂျာမနီမြောက်ပိုင်းမှ မက်ကလင်ဘတ်ဝက်စတန် ပိုမီရာနီယာသည် ITB ဘာလင်၏ တရားဝင်လုပ်ဖော်ကိုင်ဖက် နယ်မြေဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းပြပွဲကို မတ်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြသလျက်ရှိသည်။

အဆိုပါပြပွဲတွင် ဇိမ်ခံခရီးသွားလုပ်ငန်း၊ နည်းပညာ၊ စဉ်ဆက်မပြတ်ရေး စသော ထိပ်ဆုံးခေါင်းစဉ်များနှင့် ခရီးသွားဧည့်သည် များပြားလွန်းခြင်း၊ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲခြင်း စသောကိစ္စများကို ဆွေးနွေးကြမည့် ဖိုရမ်တစ်ခုကို ITB စီစဉ်ပေးထားသည်။ 

အဆိုပါပြပွဲအတွင်း အင်္ဂါနေ့ညပိုင်းတွင် ဂျာမနီအဓိပတိ မာကယ်လ်က အမှာစကားပြောကြားကာ ဖွင့်လှစ်ပေးခဲ့သည်။

တက်ရောက်လာသည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၁၀,ဝ၀၀ အနက် ၈၀ ရာခိုင်နှုန်းက ITB တွင် ပြခန်းဖွင့်လှစ်ကြမည်ဖြစ်ပြီး ယခင်နှစ်ကအတိုင်း ဧည့်သည် ၁၇၀,ဝ၀၀ ခန့် လာရောက်မည်ဟု စီစဉ်သူများက ခန့်မှန်းထားသည်ဟု ဆိုသည်။

အဆိုပါပြပွဲသို့ အာရပ်၊ အာရှနှင့် တောင်အမေရိက ကုမ္ပဏီများ အများဆုံးလာရောက်မှုသည် ခရီးသွားလုပ်ငန်း ဒေသအသစ်များ ထွက်ပေါ်လာမှုနှင့် ကမ္ဘာ့တောင်ပိုင်းတွင် ခရီးသွားလုပ်ငန်းကို အားပေးရန်အတွက် သိသိသာသာ ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်လျက်ရှိသည်။

ယခုပြပွဲတွင် ခရီးသွားလုပ်ငန်း အလွန်အမင်းဖွံ့ဖြိုးနေမှုကိုလည်း ဆွေးနွေးလျက်ရှိကြပြီး ကမ္ဘာတစ်ဝန်း ခရီးသွားဧည့်သည် အရေအတွက်သည် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရှိရသည်။

ခရီးသွားဧည့်သည် များလွန်းခြင်းကို သတင်းကောင်းဟု မယူဆသော နေရာများလည်းရှိနေသည်။ ရေပန်းစားသော နေရာများတွင် ဧည့်သည်လာရောက်မှု များလွန်းနေပြီး ဒေသခံများနှင့် ရန်ဖြစ်သော ကမ္ဘာလှည့်ခရီးသွားများကြောင့် ပျော်ရွှင်အံ့ဩစရာဖြစ်ရပ်များ ပျောက်ဆုံးကုန်ပြီး အချို့မြို့များတွင် ခရီးသွားများကို ပိတ်ပင်ရန် လှုံ့ဆော်မှုများအထိပင် ရှိလာသည်။

“ဒေသတစ်ခုရဲ့ ဆွဲဆောင်မှုဟာ ဧည့်ခံဖော်ရွေမှုအပေါ်မှာ မူတည်နေပါတယ်။ စီးပွားရေးအကျိုးအမြတ်နဲ့ ဧည့်သည်တွေအတွက် လည်ပတ်စရာနေရာ လျော့ပါးသွားမှုအကြားမှာ ဟန်ချက်ညီနေဖို့ အရေးကြီးပါတယ်။ နှစ်ဖက်အကျိုးရှိစေမယ့် ဖြေရှင်းနည်းတွေကို လိုအပ်ပါတယ်”ဟု ဂျာမန်ခရီးသွား လုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ နော်ဘတ်ဖိုင်းဘစ်က ပြောကြားသည်။

ဒေသခံအစိုးရများကမူ ဧည့်သည်အရေအတွက် ကန့်သတ်ရေး၊ နာမည်ကျော်နေရာများနှင့် ခပ်ဝေးဝေးတွင် လည်ပတ်စရာများကို မြှင့်တင်ရေး၊ မြို့တွင်းသို့ဝင်မည့် ဧည့်သည်များကို လက်မှတ်ထုတ်ပေးသည့်စနစ် ကျင့်သုံးရေး စသည်တို့ကို စဉ်းစားလျက်ရှိကြသည်။ 

ဘာစီလိုနာ၊ အမ်စတာဒမ်၊ ဒူဘရို့ဗ်နစ် စသောမြို့များမှ ဟောပြောဆွေးနွေးသူများက ဧည့်သည်များလွန်းခြင်းကို ထိန်းချုပ်ကိုင်တွယ်သည့် အစီအမံများကို ဖိုရမ်၏ နောက်ရက်များတွင် မျှဝေပေးကြမည်ဖြစ်သည်။

ITB ပြပွဲကို လက်ခံကျင်းပနေသည့် မက်ကလင်ဘတ် ဝက်စတန် ပိုမီရာနီယာသည် ဂျာမနီခရီးသွားလုပ်ငန်းတွင် နာမည်ကျော်သည့် အလယ်ခေတ်လက်ရာ ဘောလ်တစ် ပင်လယ်ကမ်းခြေမြို့ ဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ် မန်နျူလာရွှာဇစ်က “ဒီနယ်မြေမှာ တစ်စတုရန်း ကီလိုမီတာအတွင်းမှာ နေထိုင်သူ ၆၉ ဦးနှုန်း ရှိပါတယ်။ တစ်နေရာထဲမှာ လူတွေစုပြုံနေမှုကို ရှောင်ရှားနိုင်ဖို့ ကျွန်တော်တို့ရဲ့ ပျော့ပျောင်းတဲ့ ခရီးသွားလုပ်ငန်း မဟာဗျူဟာကနေတစ်ဆင့် ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။

F-03