News

POST TYPE

NEWS

တရားမဝင် ငါး၊ ပုစွန်ကန်များကို အရေးယူမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
08-Mar-2018

ရန်ကုန်၊ မတ် ၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင် ငါးကန်၊ ပုစွန်ကန်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းတွင် ငါးကန်၊ ပုစွန်ကန် ဧကပေါင်း ရှစ်သောင်းခန့်ရှိပြီး တရားဝင် ငါးကန်၊ ပုစွန်ကန် ဧကပေါင်း လေးသောင်းခန့်သာရှိကာ ကျန်ဧကပေါင်း လေးသောင်းခန့်မှာ တရားမဝင်ငါးကန်၊ ပုစွန်ကန်များဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

“ရန်ကုန်မှာ ငါးကန်၊ ပုစွန်ကန် ဧကပေါင်း ရှစ်သောင်းလောက်ရှိပေမယ့် တရားဝင်က လေးသောင်းလောက်ပဲ ရှိတယ်။ ဥပဒေကိုချိုးဖောက်ပြီး ငါးကန်ဖြစ်အောင် တူးလိုက်ပြီးမှ ကြည့်ဖြေရှင်းကြတာပေါ့ဆိုတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်နေမှုတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

၂၀၁၂ လယ်ယာမြေဥပဒေအရ မြေယာကို အခြားနည်းလမ်းသုံးစွဲခွင့်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေသည်များကို ဒဏ်ကြေးနှင့် ထောင်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ပြီး ဒဏ်ကြေးနှင့် ထောင်ဒဏ်ချမှတ်ပြီးသော်လည်း ငါးကန်၊ ပုစွန်ကန်များကို လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မပြုဘဲ လယ်ယာမြေအဖြစ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရထံမှ သိရသည်။ 

လက်ရှိမြန်မာနိုင်ငံတွင် မွေးမြူသည့် နည်းစနစ်များသည် သမားရိုးကျနည်းလမ်းများဖြင့်သာ မွေးမြူနေခြင်းကြောင့် ရန်ကုန်တိုင်းအစိုးရအနေနှင့် ငါး၊ ပုစွန် မွေးမြူသည့် နည်းစနစ်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်ပူးပေါင်း၍ ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင်လည်း ငါး၊ ပုစွန်မွေးမြူရေးဇုန် ဖော်ဆောင်ရန် စီစဉ်နေကြောင်း ငါး၊ ပုစွန်မွေးမြူမှုတွင် ပုစွန်မွေးမြူမှုသည် ပို၍ အခွင့်အလမ်းများပြားကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောဆိုသည်။

“ပုစွန်မွေးမြူရေး လုပ်ငန်းရှင်တွေ ကျွန်တော်တို့ဆီကို လာတင်ပြထားတဲ့လုပ်ငန်း အဆိုပြုလွှာတွေရှိပါတယ်။ ဒါကို ဝန်ကြီးချုပ်ဆီ ဆက်တင်ပေးပြီး ဒါကိုပူးပေါင်းပြီး ဆောင်ရွက်ရင် အဆင်ပြေနိုင်ပါတယ်”ဟု ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။ 

J-11

  • VIA