News

POST TYPE

NEWS

အပြာကားမင်းသမီးက ဒေါ်နယ်ထရမ့်ကို တရားစွဲ


ဝါရှင်တန်၊ မတ် ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇာတ်လမ်းရှုတ်ခဲ့သည်ဆိုသော အပြာဇာတ်ကား အမျိုးသမီးသရုပ်ဆောင်တစ်ဦးက သူလက်မှတ်ထိုးပေးခဲ့ရသော လျှို့ဝှက်ထားရှိမှု သဘောတူစာချုပ်သည် တရားမဝင်ဟုဆိုကာ ထရမ့်ကိုတရားစွဲဆိုရန် လျှောက်ထားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

၂၀၁၆ ဧပြီလမတိုင်မီက ချုပ်ဆိုခဲ့သော အဆိုပါလျှို့ဝှက်ထားရှိမှု သဘောတူစာချုပ်တွင် ထရမ့်က လက်မှတ်ထိုးထားခြင်း မရှိသောကြောင့် တရားမဝင် ပျက်ပြယ်သဖြင့် ပယ်ဖျက်ပေးပါရန် အပြာကားသရုပ်ဆောင် စတွန်မီဒန်နီယဲလ်စ်က ပြောကြားသည်။

ဒန်နီယဲလ်စ်ကို ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ရကြောင်း ထရမ့်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ ရှေ့နေဖြစ်သူ မိုက်ကယ်ကိုဟင်က ပြီးခဲ့သည့်လက အတည်ပြုခဲ့သည်။

ယခုတရားစွဲဆိုမှုတွင် ဒန်နီယဲလ်စ်က ကိုဟင်သည် မိမိအသံတိတ်နေစေရန် ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲထားသည်။

၂၀၁၁ ခုနှစ်က InTouch မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒန်နီယဲလ်စ်က ၂၀၀၆ ခုနှစ်အတွင်း ထရမ့်၏ဇနီးသည် မယ်လာနီယာက သားဖြစ်သူဘာရွန်ကို မွေးဖွားပြီးစအချိန်အတွင် ထရမ့်နှင့် မိမိအကြား လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိခဲ့ကြောင်း ပြောကြားခဲ့ဖူးသည်။

ထပ်မံပြောဆိုခြင်းမရှိစေရန် လျှို့ဝှက်ထားရှိမှု သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုစေခဲ့ပြီး ဒန်နီယဲလ်စ်ကို ပိုက်ဆံပေးခဲ့သည်ဟု ယခုနှစ် ဇန်နဝါရီလတွင်မှ Wall Street Journal က ဖွင့်ချရေးသားခဲ့သည်။

ထရမ့်၏ရှေ့နေဖြစ်သူကို ဟင်က သမ္မတသည် လူကြီးကြိုက် ရုပ်ရှင်သရုပ်ဆောင်နှင့် ချစ်ကျွမ်းဝင်ခြင်းမျိုးမရှိခဲ့ဟု ငြင်းဆိုထားသည်။

လော့စ်အင်ဂျလိစ် တရားရုံးတွင် မတ်လ ၆ ရက်နေ့က တရားမမှုအဖြစ် လျှောက်ထားခဲ့ရာတွင် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို၌ မစ္စစတက်ဖနီကလစ်ဖို့ (ဒန်နီယဲလ်စ်၏ အမည်ရင်း) နှင့် မစ္စတာကိုဟင်တို့သည် “နှုတ်ပိတ်သည့် သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း မစ္စတာထရမ့်က ပါဝင်လက်မှတ်ထိုးခဲ့ခြင်း မရှိသောကြောင့် စာချုပ်မှာ ဥပဒေကြောင်းအရ တရားမဝင် ပျက်ပြယ်ကြောင်း၊ အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ထရမ့်၏ရှေ့နေဖြစ်သူ ကိုဟင်ကလစ်ဖို့ (ဒန်နီယဲလ်စ်) ကို ပိုက်ဆံပေးခဲ့ရကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့်အတွက် ပေးခြင်းဖြစ်သည်ဆိုသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

ယင်းပေးချေမှုတွင် ထရမ့်ကိုယ်တိုင်ရော၊ Trump Organization ပါ ပါဝင်ပတ်သက်ခြင်းမရှိဘဲ၊ တရားဝင် ပေးချေမှုသာဖြစ်ပြီး မဲဆွယ်ထည့်ဝင်မှု၊ မဲဆွယ်အသုံးစရိတ်လည်း မဟုတ်ခဲ့ကြောင်း ကိုဟင်က ပြောကြားထားသည်။ 

F-03