News

POST TYPE

NEWS

အီဂျစ်နှင့်ဆော်ဒီတို့ မီဂါစီးတီးတစ်ခု ထူထောင်ရေး ဒေါ်လာ ၁၀ ဘီလီယံ ရန်ပုံငွေ ထူထောင်
06-Mar-2018



ကိုင်ရို၊ မတ် ၅

အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် တောင်ပိုင်းဒေသတွင် စတုရန်းကီလိုမီတာ ၁၀၀၀ ကျယ်ဝန်းသည့် မီဂါစီးတီးတစ်ခု ထူထောင်နိုင်ရေး အီဂျစ်နှင့် ဆော်ဒီအာရေးဗီးယား နှစ်နိုင်ငံပေါင်း၍ ဒေါ်လာ ၁၀ ဘီလီယံတန် ရန်ပုံငွေတစ်ခု ထူထောင်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဆော်ဒီဘုရင့်ထီးနန်းကို ဆက်ခံမည့်သူနှင့် နိုင်ငံတွင်းရှိ နိုင်ငံရေးနှင့်စီးပွားရေး အီလိခ်များကို အကျင့်ပျက်မှုဖြင့် ဖိနှိပ်လျက်ရှိသူ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် အီဂျစ်နိုင်ငံသို့ ရောက်ရှိနေချိန်တွင် သဘောတူညီချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

အကြမ်းဖက်အဖွဲ့ဟု အီဂျစ်နှင့်ဆော်ဒီ နှစ်နိုင်ငံလုံးက သတ်မှတ်ထားသည့် မွတ်ဆလင် ညီနောင်များအဖွဲ့ကို အာဏာမှဖယ်ရှားခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြင့်လာသည်။

ရေနံတင်ပို့မှုအပေါ် အလွန်အမင်း မှီခိုထားရသည့် ဆော်ဒီစီးပွားရေး ပြန်လည်ပုံဖော်နိုင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအဖြစ် ယခုကဲ့သို့သော ပူးတွဲရင်းနှီးမြှုပ်နှံမှု ပေါ်ပေါက်လာခြင်းဖြစ်သလို နှစ်နိုင်ငံကြား မဟာဗျူဟာဆက်နွှယ်မှု ရှိခြင်းကိုလည်း ဖော်ပြလျက်ရှိသည်။

ယီမင်နိုင်ငံတွင်းရှိ ဟော်တီသူပုန်များကို ဆော်ဒီချေမှုန်းနေခြင်းကို အီဂျစ်က အားပေးလျက်ရှိသလို ပြီးခဲ့သည့်နှစ်အတွင်း ကာတာနိုင်ငံအပေါ် ပင်လယ်ကွေ့နိုင်ငံများ ဝန်းရံပိတ်ဆို့ခြင်းကိုလည်း ကိုင်ရိုထောက်ခံခဲ့သည်။

ထို့ပြင် ပြည်တွင်း၌ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လျက်ရှိသော်လည်း ပင်လယ်နီကျွန်းနှစ်ခုကို ဆော်ဒီနိုင်ငံထံသို့ အီဂျစ်က လွှဲပြောင်းပေးခဲ့သည်။

F-05

  • VIA