News

POST TYPE

NEWS

ဂျာမနီ SPD ပါတီဝင်များက မာကယ်လ်၏ CDU နှင့် ညွန့်ပေါင်းဖွဲ့ရန် မဲခွဲအတည်ပြု
05-Mar-2018 tagged as ဂျာမနီ အဓိပတိ



ဘာလင်၊ မတ် ၎

ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (SPD) ပါတီဝင်များက အဓိပတိမာကယ်လ်၏ ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံ (CDU/CSU) နှင့် ညွန့်ပေါင်းဖွဲ့ရန် မဲခွဲအတည်ပြုလိုက်ခြင်းကြောင့် လနှင့်ချီ ကြာမြင့်သည့် နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေ အဆုံးသတ်သွားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

စာတိုက်မှတစ်ဆင့် ပေးပို့ရသည့် ပါတီဝင်များ၏ မဲများရေတွက်ပြီးချိန်တွင် CDU/CSU နှင့် ပူးပေါင်းရန် ထောက်ခံသူ ၆၆ ဒသမ ဝ၂ ရာခိုင်နှုန်း (၂၃၉၆၀၄ မဲ)၊ ကန့်ကွက်သူ ၃၃ ဒသမ ၉၈ ရာခိုင်နှုန်း ( ၁၂၃၃၂၉မဲ) ရှိခဲ့ကြောင်း SPD ဘဏ္ဍာရေးမှူး ဒိုင်ယတ်မာနီတန်က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ (CDU) မှာ ဘာဗေးရီးယား ပြည်နယ်မှအပ တစ်နိုင်ငံလုံးတွင် ဝင်ယှဉ်ပြိုင်ပြီး ခရစ်ယာန်ဆိုရှယ်ယူနီယံ (CSU) မှာ ဘာဗေးရီးယား ပြည်နယ်တွင်သာ ယှဉ်ပြိုင်သည့် ပါတီဖြစ်သည်။ ယင်းနှစ်ပါတီမှာ ညီအစ်မပါတီဟု ထင်ရှားပြီး တစ်ပေါင်းတည်း ခရစ်ယာန် ဒီမိုကရက်များဟုသာ အလွယ်ခေါ်လေ့ရှိသည်။ 

ဝန်ကြီးရာထူးနေရာများကို လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကြေညာသွားမည်ဖြစ်ပြီး မတ်လကုန်တွင် အစိုးရသစ် တက်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲများမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့ကတည်း ပြီးစီးခဲ့ခြင်းဖြစ်သော်လည်း အစိုးရသစ်မဖွဲ့နိုင်ဘဲ ခြောက်လနီးပါး အခက်အခဲဖြစ်နေခဲ့သည်။

ရွေးကောက်ပွဲတွင် အဓိပတိ မာကယ်လ်၏ CDU/CSU သာ အလွယ်တကူအနိုင်ရပြီး အဓိပတိအဖြစ် စတုတ္ထသက်တမ်း ထမ်းဆောင်နိုင်မည်ဟု အများက ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း ရွှေ့ပြောင်းအခြေချသူ အများအပြားကို လက်ခံပေးခဲ့သည့် မာကယ်လ်၏မူဝါဒမှာ မဲကွဲစေသည့် အကြောင်းအရင်းဖြစ်သွားခဲ့ပြီး အဓိကပြိုင်ဘက် ပါတီကြီးများဖြစ်သော CDU/CSU နှင့် SPD နှစ်ဖက်စလုံး အမတ်နေရာ အများအပြားဆုံးရှုံးခဲ့ကြသည်။ လက်ယာစွန်းအမျိုးသားရေး ပါတီ Alternative for Germany (AfD) သည် ကြားလူအဖြစ် ထွက်ပေါ်လာပြီး မဲ ၁၃ ရာခိုင်နှုန်းနီးပါး ရရှိခဲ့သည်။

သို့သော်လည်း  CDU/CSU သာ မဲအများဆုံးဖြင့် အမတ်နေရာ အများဆုံးရခဲ့ရာ ညွန့်ပေါင်းအစိုးရကို ဦးဆောင်ပြီး ဖွဲ့စည်းရမည့် အခြေအနေ ရောက်လာခဲ့သည်။ SPD သည် ယခင်ကလည်း  CDU/CSU နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့လေ့ရှိသော်လည်း ပါတီ၏ရပ်တည်ချက်နှင့် လူကြိုက်များမှု ထိခိုက်လာခြင်းကြောင့် ယခုတစ်ကြိမ်တွင် မပူးပေါင်းတော့ဟု ရွေးကောက်ပွဲမဝင်မီကတည်းက ကြေညာထားခဲ့သည်။

သို့ဖြစ်ရာ မဲအများဆုံးရသည့် မာကယ်လ်၏ CDU/CSU မှာ အစိုးရသစ်ဖွဲ့ရန် လစ်ဘရယ်ဝါဒီ ဖရီးဒီမိုကရက်ပါတီ (FDP)၊ ဂရင်းပါတီတို့နှင့် ဦးစွာညှိနှိုင်းခဲ့သော်လည်း မပြေလည်ခဲ့ပေ။ အစွန်း ရောက် AfD နှင့်လည်း ညွန့်ပေါင်းဖွဲ့ရန် မည်သို့မှမဖြစ်နိုင်ရာ မဟာညွန့်ပေါင်း (Grand Coaliton- GroKo) ဟုခေါ်သော မူကွဲသည့် ပါတီကြီးချင်း ညွန့်ပေါင်းဖွဲ့မှုအဖြစ် SPD နှင့် ပူးပေါင်းရန် နည်းလမ်းတစ်ခုသာ နောက်ဆုံးကျန်ရှိခဲ့သည်။ သို့မဟုတ်ပါက ရွေးကောက်ပွဲ ပြန်ကျင်းပရမည်ဖြစ်သည်။ 

SPD ပါတီခေါင်းဆောင် မာတင်ရှုဇ်မှာ CDU နှင့် ညွန့်ပေါင်းမဖွဲ့ဟု ကတိခံထားမိသောကြောင့် ညှိနှိုင်းမှုပြေလည်စေရန် ပြီးခဲ့သောလက ပါတီဥက္ကဋ္ဌနေရာမှ ဆင်းပေးခဲ့ပြီး အစိုးရသစ်တွင် ရာထူးမယူဟုပါ ကြေညာခဲ့ရသည်။ 

ပါတီခေါင်းဆောင်ပိုင်းချင်း ပူးပေါင်းရန် သဘောတူပြီးချိန်တွင် အဓိက အတားအဆီးအဖြစ် SPD ပါတီဝင်များ၏ အတည်ပြုချက်လိုအပ်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း မဲဆန္ဒကို စာတိုက်မှတစ်ဆင့် ပေးပို့သည့်နည်းဖြင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

SPD ဘက်မှ မာတင်ရှုဇ် နုတ်ထွက်ပေးခဲ့ပြီးနောက် အလုပ်သမားနှင့် လူမှုရေးဝန်ကြီးဟောင်း အန်ဒရေနာလက်စ် ခေါင်းဆောင်ဖြစ်လာရန် ရေပန်းစားနေပြီး လာမည့်ဧပြီလ ပါတီကွန်ဖရင့်တွင် ပါတီ၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်အဖြစ် နာလက်စ်ကို အတည်ပြုနိုင်ဖွယ်ရှိနေသည်။ အတည်ပြုပြီးပါက ဂျာမနီ၏ အဓိကပါတီကြီးနှစ်ခုစလုံးကို အမျိုးသမီးများက ဦးဆောင်မှု ဖြစ်လာမည်ဖြစ်သည်။

အကြီးဆုံးပါတီနှစ်ခု ညွန့်ပေါင်းဖွဲ့သွားသောကြောင့် လွှတ်တော်အတွင်း တတိယ အင်အားအကောင်းဆုံးဖြစ်သော AfD မှာ အဓိက အတိုက်အခံပါတီ ဖြစ်လာမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင်မှ ထူထောင်ခဲ့သော AfD သည် ရွှေ့ပြောင်းဆန့်ကျင်ရေးမူဖြင့် ထောက်ခံမှု တစ်ဟုန်ထိုး အားကောင်းလာခဲ့ခြင်းဖြစ်သည်။ 

F-03