News

POST TYPE

NEWS

KTV ဆိုင်မှ အဆိုရှင်မိန်းကလေး ခေါ်ရာနောက်လိုက်သွားသည့် ကိုရီးယားနိုင်ငံသား ဒေါ်လာများ အခိုးခံရ
01-Mar-2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ 

မရမ်းကုန်းမြို့နယ် ကိုးမိုင်အနီးရှိ KTV ဆိုင်တစ်ဆိုင်တွင် သီချင်းအတူဆိုခဲ့သည့် ယင်းဆိုင်မှအမျိုးသမီး၏ ခေါ်ရာနောက်သို့ လိုက်သွားသော အသက် ၄၅ နှစ်အရွယ် ကိုရီးယားနိုင်ငံသား အမျိုးသားတစ်ဦး အမေရိကန်ဒေါ်လာ ၆၅၀၀ နှင့် ကျပ် ၁၀ သိန်းတန်ဖိုးရှိ လက်ကိုင်ဖုန်းတစ်လုံး ခိုးယူခံရကြောင်း အမှုဖွင့်တိုင်ချက်အရ ရဲတပ်ဖွဲ့ထံမှသိရသည်။

အမေရိကန်ဒေါ်လာများ အခိုးခံရသည့် ကိုရီးယားနိုင်ငံသား Mr. Kim Wonchul မှာ ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၀ နာရီက ဩစတြေးလျနိုင်ငံသား တစ်ဦးနှင့်အတူ ကိုးမိုင်အနီးရှိ KTV ဆိုင်သို့သွားခဲ့ပြီး ယင်းဆိုင်မှ အဆိုရှင်မမြင့်မိုရ် (စုံစမ်းဆဲ) နှင့်အတူ သီချင်းသီဆို၍ သောက်စားခဲ့ပြီး ည ၁၂ နာရီတွင် မမြင့်မိုရ်က ၎င်းနေထိုင်သည့် အင်းစိန်မြို့နယ်၊ မုဒိတာအိမ်ရာ (၂) မှ အခန်းသို့လိုက်ခဲ့ရန် ခေါ်သောကြောင့် ကိုရီးယားနိုင်ငံသားက လိုက်သွားခဲ့ကြောင်း ရဲအရာရှိက ပြောသည်။ 

“နိုင်ငံခြားသားရဲ့ တိုင်ချက်အရဆို သူကအမျိုးသမီးနေတဲ့ အခန်းကိုလိုက်သွားတယ်။ ဟိုရောက်တော့ အမျိုးသမီးက ငှဲ့ပေးတဲ့ အရက်တစ်ခွက်ကို ယူသောက်ပြီး အိပ်ပျော်သွားရာက မနက် ၇ နာရီ အိပ်ရာနိုးလာတယ်။ သူ့ကိုခေါ်လာတဲ့ အမျိုးသမီးက တိုက်ခန်းထဲမှာ မရှိတော့ဘူး။ သူ့ပိုက်ဆံတွေနဲ့ ဖုန်းပါပျောက်နေတာ သိလိုက်လို့ KTV ဆိုင်ပြန်သွားပြီး အမျိုးသမီးကို ရှာပေးဖို့နဲ့ သူ့ငွေတွေပြန်ပေးဖို့ အချိန်ခုနစ်ရက်ပေးခဲ့တယ် ပြောတယ်။ အမှုက လတ်တလော စုံစမ်းစစ်ဆေးနေဆဲပါ”ဟု ရဲအရာရှိက ရှင်းပြသည်။ 

အချိန် ခုနစ်ရက်ပေးခဲ့သော်လည်း ပျောက်ဆုံးခဲ့သည့် အမေရိကန်ဒေါ်လာများနှင့် လက်ကိုင်ဖုန်းကို ပြန်မပေးသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ယင်းအမှုအား စစ်ဆေးဖော်ထုတ် အရေးယူပေးရန် အင်းစိန်မြို့မ ရဲစခန်းထံ တိုင်ကြားလာသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03


  • VIA