News

POST TYPE

NEWS

သတင်းထောက်ဟောင်း မိုက်ကယ်မက်ကောမက် ဩစတြေးလျဒုတိယဝန်ကြီးချုပ်ဖြစ်


ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၆

ဩစတြေးလျနိုင်ငံတွင် သတင်းစာ အယ်ဒီတာဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ်မက်ကောမက်ကို ဒုတိယဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

၎င်းသည် အာဏာရ ညွှန့်ပေါင်းအစိုးရ၏ အငယ်တန်းမဟာမိတ် နေရှင်နယ်ပါတီ ခေါင်းဆောင်အနေနှင့် ဘာနာဘီဂျွိုက်စ်၏ နေရာကို အစားထိုးရယူခြင်းဖြစ်သည်။

ဘာနာဘီဂျွိုက်စ်သည် မကောင်းသတင်း ကျော်စောမှုများကြောင့် ၂ နှစ်ကျော် တာဝန်ယူခဲ့သောရာထူးမှ သောကြာနေ့တွင် နုတ်ထွက်သွားခဲ့သည်။

လူသိနည်းသော ကွန်ဆာဗေးတစ် တစ်ဦးဖြစ်သူ မက်ကောမက်သည် ၁၉၉၃ ခုနှစ်က လိင်တူချစ်မှုရေးရာသည် ညစ်ညမ်းသည်ဟု ရေးသားခဲ့မှုကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရသူဖြစ်သည်။

၎င်းသည် ယခုအခါ နေရှင်နယ်ပါတီ ခေါင်းဆောင်အနေနှင့် ဒုတိယဝန်ကြီးချုပ် အလိုအလျောက် ဖြစ်လာခဲ့သည်။ ရာထူးမှ နုတ်ထွက်သွားသော မစ္စတာဂျွိုက်စ်သည် အကောင်းဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နေရှင်နယ်ပါတီနှင့် ဩစတြေးလျနိုင်ငံအတွက် ဆောင်ရွက်ခဲ့မှုများသည် ဘယ်တော့မှ မှေးမှိန်သွားမည်မဟုတ်ဟု မက်ကောမက်က ပြောကြားသည်။

မစ္စတာဂျွိုက်စ်သည် အမျိုးသမီးနှစ်ဦးအား ကာယိနြေ္ဒပျက်အောင် နှောင့်ယှက်ခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။

နယူးဆောက်သ်ဝေးအမတ် မက်ကောမက်သည် ၎င်း၏ရှေ့မှ ဘာနာဘီဂျွိုက်စ်လောက် လူသိမများဘဲ ရာထူးရရှိသွားသူဖြစ်သည်။ ယာတောတွင် ကြီးပြင်းခဲ့သူ မက်ကောမက်သည် သူ့ကိုယ်သူ ကျေးလက်အရေး လှုပ်ရှားသူအဖြစ် ကြွေးကြော်ခဲ့ပြီး ၂၀၁၀ တွင် ပါလီမန်သို့ ဝင်ရောက်လာခဲ့သည်။

၎င်းသည် လက်ရှိတွင် အသေးစားလုပ်ငန်းများဆိုင်ရာ ဌာနကို ကြီးကြပ်နေပြီး ယခုရာထူးကြောင့် အစိုးရအဖွဲ့အတွင်း နေရာရသွားမည်ဖြစ်သည်။

မက်ကောမက်သည် လွန်ခဲ့သော ၂၅ နှစ်က ဝါဂါဝါဂါမြို့ အခြေစိုက် Daily Advertiser သတင်းစာတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်စဉ်က လိင်တူချစ်ခြင်းကို ရှုတ်ချသည့် ဆောင်းပါးရေးသားခဲ့ပြီး ထို့နောက်တွင် ယင်းဆောင်းပါးအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး အမြင်ပြောင်းလဲသွားပြီဟု ပြောကြားခဲ့သည်။

ထိုသို့ လိင်တူလက်ထပ်မှုကို ဆန့်ကျင်ခဲ့သူ ဖြစ်သော်လည်း ဩစတြေးလျတွင် မနှစ်က လိင်တူလက်ထပ်မှုကို တရားဝင်ခွင့်ပြုသည့် ဥပဒေကို မဲခွဲသည့်အခါ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထောက်ခံမဲပေးခဲ့သည်။  

F-04