News

POST TYPE

NEWS

မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်သို့ စပြောင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ လူမနေရ ကန့်သတ်ထားသည့် နယ်နိမိတ် (Zero Line)၌ ကြာမြင့်စွာ အခြေချနေထိုင်သူ ထောင်ချီသော ဘင်္ဂါလီများသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းမှစ၍ ၎င်းတို့နေအိမ်များ ဖျက်သိမ်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့နေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်က ဘင်္ဂါလီတွေ စက်လှေနဲ့ နေ့တိုင်း ပြောင်းတာရှိပေမယ့်  Zero Line က ဘင်္ဂါလီတွေ စပြောင်းရွှေ့တာတော့ ဒါပထမဆုံးပဲ။ အရေအတွက် အတိမကျတော့ မပြောနိုင်သေးဘူး။ ညနေပိုင်းအထိ ပြောင်းရွှေ့နေတုန်းပဲ”ဟု ၎င်းကဆိုသည်။

သို့သော် Zero Line တွင် နေထိုင်သူ ဘင်္ဂါလီပမာဏ ၈၀၀၀ ခန့်ရှိပြီး လက်ရှိ ပြောင်းရွှေ့မှုအရ လူဦးရေ နှစ်ထောင်ခန့် ကျန်ရှိနေဆဲဖြစ်ခြင်းကြောင့် ပြောင်းရွှေ့မှု အရေအတွက် ခန့်မှန်းကြည့်နိုင်ကြောင်း မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

“နှစ်နိုင်ငံ နယ်စပ်မျဉ်း လုံခြုံရေး ဆောင်ရွက်တဲ့အပိုင်းကို အဓိက ဆွေးနွေးထားတော့ ဒီအပေါ် အခြေတည် ပြောင်းရွှေ့ကြတာလည်း ဖြစ်နိုင်တယ်။ လောလောဆယ် ဘာကြောင့် ပြောင်းရွှေ့ကြတယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး”ဟု ဘင်္ဂါလီများ ပြန်လည်လက်ခံရေး ကဏ္ဍာတွင် ပါဝင်သူတစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး ကွပ်ကဲနေသော နှစ်နိုင်ငံနယ်ခြား စောင့်တပ်ရင်းမှူးဖြစ်သည့် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ ဒုတိယရဲမှူးကြီး ဇေယျာလင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အမှတ် (၃၄) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းတို့သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မြန်မာဘက်ခြမ်းရှိ နယ်စပ်မှတ်တိုင် ၁၃/၁ အနီးရှိ ပထမဆုံး တွေ့ဆုံခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံ ခရိုင်အဆင့် နယ်စပ်အာဏာပိုင်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ Zero Line ရှိ ဘင်္ဂါလီများ စတင်ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်ထံမှ သိရသည်။

လက်ရှိတွင် Zero Line တွင် နေထိုင်သည့် ဘင်္ဂါလီများ ပြောင်းရွှေ့မှုနှင့်ပတ်သက်၍ လုံခြုံရေးအရ စောင့်ကြည့် စစ်ဆေးလျက်ရှိသော်လည်း ဘင်္ဂါလားဒေ့ရှ်အစိုးရက ပြန်လည်လက်ခံရေးအတွက် ပေးပို့သူများတွင် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သူ ပါဝင်မှုမရှိရန် စစ်ဆေးဆောင်ရွက်နေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်ထံမှ သိရသည်။

J-17