News

POST TYPE

NEWS

တရုတ်သမ္မတရှီကျင့်ဖျင် သက်တမ်းအကန့်အသတ်မရှိ တာဝန်ယူနိုင်ရေး အခြေခံဥပဒေ ပြင်ဆင်ရန် ကွန်မြူနစ်ပါတီအဆိုပြု
26-Feb-2018



ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၅

တရုတ်သမ္မတရှီကျင့်ဖျင် သက်တမ်း အကန့်အသတ်မရှိ သမ္မတရာထူး ဆက်လက်ရယူနိုင်ရေးအတွက် အခြေခံဥပဒေပြင်ဆင်ရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) က အဆိုပြုခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံအခြေခံဥပဒေမှ “သမ္မတနှင့် ဒုတိယသမ္မတသည် သက်တမ်းနှစ်ကြိမ်ဆက်ထက်ပို၍ တာဝန်ထမ်းဆောင်ခြင်း မရှိစေရ”ဆိုသော ကန့်သတ်ချက်ကို ဖယ်ရှားရန် ပါတီက အဆိုပြုခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

အဆိုပြုပြင်ဆင်ချက်ကို လာမည့် မတ်လတွင် တရုတ်လွှတ်တော် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) က အတည်ပြုပေးရမည်ဖြစ်သော်လည်း ပါတီကသာ အလုံးစုံလွှမ်းမိုးထားသည့် အခြေအနေတွင် လွှတ်တော်မှာ လက်မှတ်ထိုး၊ တံဆိပ်တုံးနှိပ်ပေးရသည့် သဘောသာရှိနေသည်။

ရှေ့ခေါင်းဆောင်နှစ်ဆက်ဖြစ်သော ကျန်ဇီမင်းနှင့် ဟူကျင်တောင်တို့သည် သက်တမ်းနှစ်ကြိမ်၊ ဆယ်နှစ်စီသာ တာဝန်ယူခဲ့သော်လည်း အခြေခံဥပဒေ ပြင်ဆင်ပြီးပါက ရှီကျင့်ဖျင်ကမူ ထို့ထက်ပို၍ တာဝန်ယူနိုင်တော့မည်ဖြစ်သည်။

၂၀၀၄ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ် အခြေခံဥပဒေ ပြင်ဆင်မည့် အစီအစဉ်ကို ဒီဇင်ဘာလကတည်းက ကြေညာခဲ့သော်လည်း လုပ်ပိုင်ခွင့်အာဏာသစ်များ ပေးအပ်ထားသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့သစ် အမျိုးသားကြီးကြပ်ရေးကော်မရှင် (NSC) ကို ဖန်တီးနိုင်ရေးသာ ပါတီကရည်ရွယ်သည်ဟု လေ့လာသူများက ခန့်မှန်းထားခဲ့ကြသည်။

ဇန်နဝါရီလအတွင်း တိုင်းပြည်၏ လမ်းညွှန်မူဝါဒများတွင် မာ့ခ် - လီနင်ဝါဒ၊ မော်စီတုံးအတွေးအခေါ်တို့ကဲ့သို့ပင် ရှီကျင့်ဖျင်အတွေးအခေါ်ကို ထည့်သွင်းရန် ပါတီက အဆိုပြုခဲ့သည်။

ပြီးခဲ့သည့်နှစ်အောက်တိုဘာလအတွင်းက ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ကွန်မြူနစ်ပါတီကွန်ဂရက်တွင် အစဉ်အလာအားဖြင့် ပါတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ သမ္မတလည်းဖြစ်သူသည် ရာထူးဆက်ခံရန် လျာထားသူများကို ချပြရမည်ဖြစ်ပြီး ပါတီအမြဲတမ်းကော်မတီတွင်ပါ ထည့်သွင်းလေ့ရှိသည်။ 

သို့သော်လည်း ရှီသည် သမ္မတနေရာတွင် ကြိုးကိုင်နိုင်မည့်သူကိုတင်ပြီး သက်တမ်းကန့်သတ်ချက်မရှိသော ပါတီအထွေထွေအတွင်းရေးမှူးနေရာ ဆက်ထိန်းထားဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိခဲ့သေးသည်။ ယခုအခါတွင်မူ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့်အတူ ရှီသည် သမ္မတနေရာကိုပါ ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြလိုက်ပြီဖြစ်သည်။

မော်စီတုံးနောက်ပိုင်း ဩဇာအကြီး ဆုံးခေါင်းဆောင်ဖြစ်သည့် တိန့်ရှောင်ဖိန်သည် နောက်ပိုင်းကာလတွင် တရားဝင်ရာထူးများကို စွန့်လွှတ်ခဲ့သော်လည်း ၁၉၉၇ မကွယ်လွန်မီအထိ နိုင်ငံကို နောက်ကွယ်မှ ထိန်းချုပ်သွားခဲ့သည်။

ရှီ၏ရှေ့မှ သမ္မတဟူကျင်တောင်မှာမူ ရှီကျင့်ဖျင် အာဏာရသည်နှင့် ၎င်း၏ နိုင်ငံရေးရာထူးများမှ ဆင်းပေးခဲ့ရသလို ဩဇာအာဏာလည်း လုံးဝနီးပါး ကျဆင်းသွားခဲ့သည်။ ယင်းနောက်ပိုင်းဟူကို အများပြည်သူနှင့်ဆိုင်သည့် အခမ်းအနားများတွင် မတွေ့ရတော့သလိုဟူ၏ မဟာမိတ်များမှာလည်း ရှီ၏ ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ဖယ်ရှားခံခဲ့ရသည်။

F-03