News

POST TYPE

NEWS

တရုတ်နိုင်ငံသို့ တရားမဝင် အလုပ်သွားလုပ်မည့် ၁၇ ဦးကို ထပ်မံဖမ်းမိ
25-Feb-2018 tagged as မန္တလေး

မန္တလေး၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံသို့ တရားမဝင် အလုပ်သွားလုပ်မည့် တောင်သာဒေသခံ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၇ ဦး နှင့် ၎င်းတို့ကို ခေါ်ဆောင်လာသူကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညက ပုသိမ်ကြီးမြို့နယ်ရှိ အုန်းချော ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် ထပ်မံ ဖမ်းမိခဲ့ကြောင်း အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရုတ်နိုင်ငံရှိ ဓာတ်ခဲစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဖိုးကျော်ဆိုသူက တောင်သာမြို့ရှိ ကျေးရွာတစ်ခုမှ ဆွေမျိုးတော်စပ်သူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး သုံးဦးကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှ တပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးဇင်က ပြောကြားသည်။

“ကိုဖိုးကျော်က အဲ့ဒီစက်ရုံမှာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက အလုပ် သွားလုပ်နေတာလို့ သိရတယ်။ တရုတ်နှစ်သစ်ကူးကာလ စက်ရုံပိတ်လို့ ရွာကိုပြန်လာတော့ ညီအစ်ကိုမောင်နှမဆွေမျိုးတွေကို ဟိုမှာဆိုရင် အဆင်ပြေမယ်၊ ဝင်ငွေလည်း ကောင်းမယ်၊ လူလည်းလိုနေတယ်၊ လိုက်ချင်ရင် လိုက်ခဲ့ကြဆိုတော့ အလုပ်မရှိတဲ့သူတွေက လိုက်လာကြတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ဆွေမျိုးသားချင်းများကို အလုပ်ရစေလိုသည့်သဘောဖြင့် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက် ဦးဖိုးကျော်သည် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေတို့ဖြင့် ငြိစွန်းခြင်း မရှိသောကြောင့် အရေးယူခဲ့ခြင်းမရှိကြောင်း၊ လိုက်ပါလာသူများကို အသိပညာပေးကာ နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်ပေးထားကြောင်း လူကုန်တားတပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့နိုင်ငံနဲ့ တရုတ်နိုင်ငံနဲ့က အလုပ်သမား စေလွှတ်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူလက်မှတ် ထိုးထားတာမရှိဘူး။ ဒီတော့ သွားအလုပ် လုပ်တာကိုက တရားမဝင်ပဲ ဖြစ်နေမှာပဲ”ဟု ရဲမှူးမျိုးဇင်က ထပ်လောင်း ပြောကြားသည်။

မြင်းခြံမြို့နယ်အတွင်းမှ ကျေးရွာဒေသခံ ၅၂ ဦးကို တရုတ်နိုင်ငံ ကွမ်တုံမြို့ရှိ ပရိဘောဂ စက်ရုံတစ်ခုတွင် အလုပ်အကိုင် ရမည်ဟုဆိုကာ ခေါ်ဆောင်လာသူ အမျိုးသားနှစ်ဦးကို အုန်းချော ၁၆ မိုင် စစ်ဆေးရေးဂိတ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညက ဖမ်းဆီးရမိခဲ့သေးသည်။

မြင်းခြံနှင့် တောင်သာမြို့တို့မှ ဒေသခံများ တရုတ်နိုင်ငံသို့ အစုလိုက် အပြုံလိုက် အလုပ် သွားရောက်လုပ်ကိုင်ရန် ကြိုးပမ်းခြင်းနှင့်ပတ်သက်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မြင်းခြံမြို့ခံများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အသိပညာပေး ဟောပြောရန် စီစဉ်ထားသည်။  

M-04