News

POST TYPE

NEWS

ရွှေစင်စင်္ကြာယာဉ် မီးလန့်၊ ယာဉ်ပေါ်ပါ ခရီးသည်များ အထိတ်တလန့်ဖြစ်
25-Feb-2018 tagged as မော်တော်ယာဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းဆုံအနီးတွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရန်ကုန်-နေပြည်တော် ခရီးစဉ် ပြေးဆွဲနေသည့် ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဉ်တစ်စီးမှာ မီးလန့်မှုဖြစ်ပွားခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း  မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလန့်ခဲ့သည့် FunLong အမျိုးအစား အစိမ်းရောင်ယာဉ်မှာ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခရီးသည်များ တင်ဆောင်၍ အမှတ် (၃) လမ်းအတိုင်း နေပြည်တော်သို့ မောင်းလာစဉ် အမှတ်(၃) လမ်းဆုံအနီး မ.ထ.သ ဂိတ်ရှေ့အရောက် ယာဉ်နောက်ဘက်မှ မီးခိုးများ ထွက်လာသဖြင့် ခရီးသည်များ အထိတ်တလန့်ဖြစ်ပြီး ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်မီးလန့်မှုကို ထောက်ကြန့် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ရွှေစင်စင်္ကြာ ယာဉ်မောင်းက ယာဉ်တွင် အသင့်ဆောင်ထားသော မီးသတ်ဆေးဘူး တစ်ဘူးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး မီးလန့်ရသည့်အကြောင်းရင်းမှာ ယာဉ်နောက် ညာဘက်အတွင်းဘီး ဘရိတ်ရှူးငြိရာမှ အပူလွန်ကဲ၍ မီးခိုးများ ထွက်လာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်ပေါ်ပါလာသည့် ခရီးသည်များ နေပြည်တော်သို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ယင်းယာဉ်လိုင်းမှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယာဉ်မီးလန့်မှုအပေါ် အရေးယူ ဆောင်ရွက်ထားခြင်း မရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ  စုံစမ်းသိရှိရသည်။

S-03