News

POST TYPE

NEWS

ရန်ကုန်နှင့်နေပြည်တော်လေဆိပ်တွင် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုရပ်တန့်ရေး ပညာပေးလှုပ်ရှားရန်စီစဉ်
25-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အေးရှားဝေါလ်ဆိပ်ကမ်း အပါအဝင် ရန်ကုန်နှင့်နေပြည်တော် လေဆိပ်များ၌ မတ်လ ၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) အထိမ်းအမှတ် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုရပ်တန့်ရေး ပညာပေးလှုပ်ရှားရန် မိုမိုတို့၏ ရင်တွင်းစကားသံနှင့် အေးရှားဝါလ်ကုမ္ပဏီက စီစဉ်လျက်ရှိကြောင်း မိုမိုတို့၏ ရင်တွင်းစကားသံ (Voice Of  Momos) က သတင်းထုတ်ပြန်သည်။

ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည်များ ခေတ္တနားနေစောင့်ဆိုင်းရာ နေရာများဖြစ်သော နိုင်ငံတကာလေကြောင်းလိုင်းများ ဆိုက်ကပ်ရာ Terminal 1၊ 2 နှင့် ပြည်တွင်းလေကြောင်းလိုင်းများ ဆိုက်ကပ်ရာ Terminal 3 တို့တွင် အရွယ်အစားကြီးမားလှသည့် စက္ကူဆင်ရုပ်ကြီး ၆ ရုပ်ကို ပြသသွားမည်ဖြစ်သည်။

ထို့အပြင် လေဆိပ်နှင့်ဆိပ်ကမ်း အဆောက်အအုံများတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှု အသိပေး၊ လူထုပညာပေး သတင်းစကားများ ထားရှိမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် We Love Elephants လူထုအနုပညာပြပွဲကို မတ်လမှစတင်၍ ပြသပေးသွားမည်ဖြစ်သည်။

ထို့အပြင် လေဆိပ်နှင့်ဆိပ်ကမ်း အဆောက်အအုံများတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှု အသိပေး၊ လူထုပညာပေး သတင်းစကားများ ထားရှိမည်ဖြစ်သည်။

ထို့ပြင် အေးရှားဝေါလ်သည် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းပြီး ၎င်းလည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းခွင်များတွင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေခြင်းကို စုံစမ်းစစ်ဆေးခြင်းနှင့် ဥပဒေအရ အရေးယူမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် လူဝင်အများဆုံးဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်ရန် အဓိက ပင်မဝင်ပေါက်ကြီးတစ်ခုဖြစ်ပြီး ၎င်းသည် ၂၀၁၇ ခုနှစ်တွင် ခရီးသည်ပေါင်း ၅ဒသမ ၉၂ သန်းကျော်ကို ဝန်ဆောင်မှုများပေးခဲ့သည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည်လည်း မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုအနက် ၁ ခု အပါအဝင်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စုစုပေါင်းခရီးသည် ၂၂၄,၄၇၈ ကို ဝန်ဆောင်မှုပေးခဲ့သော လေဆိပ်ကြီးတစ်ခုဖြစ်သည်။

J-18

  • VIA