News

POST TYPE

NEWS

အင်းစိန်ထောင်ဧရိယာတွင် စုပေါင်းတရားရုံးဆောက်ရန် တိုင်းအစိုးရ စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အင်းစိန်ဗဟိုအကျဉ်းထောင် ဧရိယာရှိ ဘုရင့်နောင်လမ်းအနောက်ဘက်ခြမ်းနှင့် ဘုရင့်နောင် ၁ လိုင်းအနီးတွင် စုပေါင်းတရားရုံးဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စုပေါင်းတရားရုံး တည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောတူ ဆုံးဖြတ်ထားပြီဖြစ်သော်လည်း တရားရုံးပမာဏ မည်မျှထည့်သွင်း တည်ဆောက်မည်ကို စိစစ်နေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှုထူပြောသော မြောက်ပိုင်းခရိုင်မြို့နယ်များအနေနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်ပိုင်း မြန်ဆန်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မြေနေရာအကျယ်တော့ စိစစ်နေတုန်းပဲ။ စုပေါင်းတရားရုံးရှိခြင်းအားဖြင့် အဆင့်ဆင့် လွှဲပြောင်းစစ်ဆေးဖို့ လွယ်ကူလာမယ်။ တချို့ ခရိုင်နဲ့မြို့နယ်အဆင့် တရားရုံးတွေက အလှမ်းဝေးတော့ ရုံးထုတ်၊ ရုံးသွင်းလုပ်ရတာ အချိန်ကြန့်ကြာတာမျိုး ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် တရားရုံးများသည် အလှမ်းဝေးကွာပြီး စုပေါင်းတရားရုံး တည်ဆောက်ပါက အမှုတွဲများ ကြန့်ကြာမှုလျော့နည်းမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးက သုံးသပ်သည်။

ရန်ကုန်တိုင်းတွင် တိုင်းအဆင့်တရားလွှတ်တော်အပါအဝင် ခရိုင်တရားရုံးလေးခုနှင့် မြို့နယ်တရားရုံး ၄၅ ခုတို့ရှိပြီး ပြစ်မှုပိုင်းဆိုင်ရာ ကြီးလေးမှုအလိုက် တရားသူကြီးများက အဆင့်ဆင့်ကွပ်ကဲ စစ်ဆေးရခြင်းကြောင့် အင်းစိန်ဗဟိုအကျဉ်းထောင် ဧရိယာအတွင်း ပထမဆုံးစုပေါင်း တရားရုံးတစ်ခု စတင်ဖော်ဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

“ရုံးထုတ်။ ရုံးဆင်းချိန် ပြန်စောင့်ရမယ့်အပိုင်းတွေ နည်းသွားမယ်။ အကျဉ်းထောင်ဝန်ထမ်းတွေတော့ အချိန်ကုန်သက်သာတာပေါ့”ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး အကျဉ်းသားထိန်းသိမ်းရေးထောင်အဖြစ် အင်္ဂလိပ်လက်ထက်က တည်ဆောက်ထားရှိခဲ့သည့် အင်းစိန်ဗဟိုအကျဉ်းထောင် သက်တမ်းသည် နှစ်ပေါင်း တစ်ရာနှစ်ဆယ့်ငါးနှစ်အထိ ကြာမြှင့်ခဲ့ပြီဖြစ်သည်။ 

စတင်ဖွင့်လှစ်ချိန် ၁၈၉၂ ခုနှစ် ဇူလိုင်လမှစ၍ အကျဉ်းထောင်ကြီးကြပ်အုပ်ချုပ်ရေး ယန္တရားအပိုင်းတွင် ထောင်မှူးကြီးနှင့် ထောင်ပိုင်မျိုးဆက်ပေါင်း ၉၀ ကျော် ရှိခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံအနှံ့တွင် အကျဉ်းထောင် ၄၀ ကျော်အနက် အကျဉ်းဝန်ထမ်းပေါင်း တစ်သောင်းကျော်ရှိပြီး အကျဉ်းသားထိန်းသိမ်းမှု အများဆုံးဖြစ်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်၌မူ ဝန်ထမ်း ၅၈၀ ခန့်ဖြင့် စီမံအုပ်ချုပ်နေရကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

J-17