News

POST TYPE

NEWS

အမေရိကန်သမ္မတ အိမ်ဖြူတော်၏ လုံခြုံရေးဂိတ်ကို မော်တော်ယာဉ်ဖြင့် ဝင်တိုက်မှု ဖြစ်ပွား


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်အနီးရှိ လုံခြုံရေးအဟန့်အတား ထားရှိရာနေရာကို မော်တော်ယာဉ်တစ်စီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အထူးလုံခြုံရေးအဖွဲ့ (Secret Service) က သတင်းပေးပို့ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

အထူးလုံခြုံရေးအဖွဲ့၏ အဆိုအရ အဆိုပါမော်တော်ယာဉ်သည် အိမ်ဖြူတော်အနီးရှိ လုံခြုံရေးဂိတ်မှ အဟန့်အတားများကို အရှိန်ဖြင့်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းကိုမူ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ဆိုသည်။ 

“ယင်းမော်တော်ယာဉ်သည် အိမ်ဖြူတော်ပရိဝုဏ်၏ လုံခြုံရေး အဟန့်အတားများကိုမူ ဝင်တိုက်နိုင်ခဲ့ခြင်းမရှိပေ”ဟု အထူးလုံခြုံရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ 

အဆိုပါ အခြေအနေဖြစ်ပွားခဲ့ပြီးနောက် အိမ်ဖြူတော်ကို ပိတ်ထားခဲ့ပြီး ပရိဝုဏ်အတွင်း ယူနီဖောင်းမဝတ်ဆင်ထားသော လက်နက်ကိုင်အေးဂျင့်များ နေရာယူထားကြသည်ကို တွေ့မြင်ရကြောင်း အမေရိကန်မီဒီယာများက ဆိုသည်။ 

ထိုသို့မော်တော်ယာဉ်ဖြင့် ဝင်တိုက်မှုဖြစ်ပွားစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အိမ်ဖြူတော်အတွင်း ဩစတြေးလျဝန်ကြီးချုပ် မယ်လ်ကွမ်တန်းဘူးလ်နှင့် တွေ့ဆုံလျက်ရှိသည်။ 

လုံခြုံရေးဂိတ် အဟန့်အတားများကို ဝင်တိုက်ခဲ့သည့် မော်တော်ယာဉ်မောင်းနှင်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး အထူးလုံခြုံရေးတပ်ဖွဲ့မှ ယူနီဖောင်းမဝတ်ဆင်ထားသော လုံခြုံရေးအရာရှိများက ဖမ်းဆီးလိုက်သည်ဟု ကြေညာချက်က ဆိုသည်။ သေနတ်ပစ်ခတ်မှု တစ်စုံတစ်ရာမရှိခဲ့သလို လုံခြုံရေးအရာရှိများလည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။  

F-01