News

POST TYPE

NEWS

မြောက်ကိုရီးယားအပေါ် အကြီးကျယ်ဆုံး အရေးယူပိတ်ဆို့မှုများ ချမှတ်မည်ဟု ထရမ့်ကြေညာ
25-Feb-2018



ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃

အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားအပေါ် အကြီးကျယ်ဆုံး အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ယခုအရေးယူပိတ်ဆို့မှုမှာ သင်္ဘောနှင့် ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ ၅၀ ကျော်ကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယားသာမက တရုတ်နှင့် ထိုင်ဝမ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများပါ ပါဝင်သည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားစီမံကိန်းနှင့် ဒုံးကျည်စမ်းသပ်မှုများကြောင့် နိုင်ငံတကာနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုအများအပြားနှင့် ရင်ဆိုင်နေရသည်။

သို့သော်လည်း မြောက်ကိုရီးယားသည် ယမန်နှစ်က နျူကလီးယားစမ်းသပ်မှု ထပ်မံလုပ်ဆောင်ခဲ့သလို အမေရိကန်ပြည်ထောင်စု ကုန်းမကြီးအထိရောက်ရှိနိုင်သော တာဝေးပစ်ပဲ့ထိန်းဒုံးကျည်လည်း စမ်းသပ်ခဲ့သည်။

ယခုအရေးယူပိတ်ဆို့မှုသစ်များမှာ မြောက်ကိုရီးယားကို ပိုမိုကျပ်တည်းစေမည်ဖြစ်ပြီး နျူလုပ်ငန်းစဉ်ကိုအားဖြည့်ပေးသော ဝင်ငွေရလမ်းများကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်သည်ဟုဆိုသည်။

အရေးယူပိတ်ဆို့မှုတွင် မြောက်ကိုရီးယားအခြေစိုက် ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ ၁၆ ခု၊ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသောကုမ္ပဏီငါးခု၊ တရုတ်ပြည်မကြီးမှ နှစ်ခု၊ ထိုင်ဝမ်မှ နှစ်ခု၊ ပနားမားမှ တစ်ခု၊ စင်ကာပူမှတစ်ခုတို့ ပါဝင်သည်။

ပိတ်ဆို့ခံရသည့်အထဲတွင် သင်္ဘော ၂၈ စင်းပါဝင်ပြီး မြောက်ကိုရီးယားသင်္ဘော အများစုဖြစ်ကာ ပနားမားအလံလွှင့်ထားသော သင်္ဘောတစ်စီး၊ ကိုမိုရော့စ်မှတစ်စီး၊ တန်ဇန်းနီးယားမှတစ်စီးတို့ ပါဝင်သည်။

နောက်ဆုံးအရေးယူပိတ်ဆို့မှုများသာ ထိရောက်မှုမရှိပါက ဆိုးရွားသော အကျိုးဆက်များဖြစ်လာနိုင်ကြောင်း သမ္မတထရမ့်က သတိပေးခဲ့သည်။

“အရေးယူပိတ်ဆို့မှုတွေသာ အလုပ်မဖြစ်ရင် ကျုပ်တို့ ဒုတိယအဆင့်ကို သွားမယ်၊ ဒုတိယအဆင့်က အင်မတန်ပြင်းထန်မယ်၊ ကမ္ဘာကြီးအတွက် ကံမကောင်းတဲ့ ကိစ္စဖြစ်သွားနိုင်တယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

သို့သော်လည်း အဆင့်နှစ်မှာ မည်သို့ဖြစ်မည်ဆိုခြင်းကိုမူ ထရမ့်က အသေးစိတ်မပြောခဲ့ပေ။

F-03