News

POST TYPE

NEWS

ရန်ကုန်-မန္တလေး အထူးရထား ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြေးဆွဲမည်
24-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

နေရပ်ပြန် ခရီးသွားများ အစိုးရရုံး ပိတ်ရက်တွင် စီးနင်းမှု အဆင်ပြေစေရန် ရန်ကုန်-မန္တလေး အထူး ရထားတစ်စင်းကို ဖေဖော်ဝါရီလ ၂၈ရက်တွင် ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇ (သွားလာပို့ဆောင်ရေးဌာန)တိုင်း မန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။

“မတ်လ ၁ရက်ကနေပြီး ၄ ရက်နေ့အထိက ရုံးပိတ်တာမို့ နေရပ်ပြန်ချင်တဲ့ ပြည်သူတွေ သွားလာမှု အဆင်ပြေအောင် အထူးရထား စီစဉ်တာပါ။ အိပ်စင်တွဲ နှစ်တွဲ ပါမယ်”ဟု ၎င်းက ဆိုသည်။

အထူးရထား ပြေးဆွဲမှုအနေနှင့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် မန္တလေးသို့ ခရီးသည်များ ပို့ဆောင်ပေးပြီး မတ်လ ၄ ရက်တွင် အပြန်ခရီးစဉ်အဖြစ် အဆိုပါရထားကို ပြန်လည် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်ဘူတာမှ ည ၇ နာရီ ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ နောက်တစ်ရက် နံနက် ၉ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကာ အထက်တန်းထိုင်ခုံ ခုနစ်တွဲ၊ အထက်တန်း အိပ်စင်နှစ်တွဲ၊ ပထမတန်း တစ်တွဲ၊ ရိုးရိုး တန်းနှစ်တွဲ၊ ဘရိတ်တွဲ တစ်တွဲတို့ကို စီစဉ်ထားကြောင်း ၎င်းက ပြောကြားသည်။

လက်မှတ်ဈေးနှုန်းများအနေနှင့် ပုံမှန်အတိုင်း ရောင်းချရန် ဆောင်ရွက်ထားပြီး ရိုးရိုးတန်း ကျပ် ၄၆၅၀၊ အထက်တန်းကျပ် ၉၃၀၀၊ အိပ်စင် ကျပ် ၁၂၇၀၀ တို့ ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်ရထား ခြောက်စင်း၊ စာပို့ရထား နှစ်စင်းနှင့် ရန်ကုန်-နေပြည်တော် အစုန်အဆန် လေးစင်းဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇ (သွားလာပို့ဆောင်ရေးဌာန)ထံမှ သိရသည်။

J-06