News

POST TYPE

NEWS

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်သင့်သည့် အတိုင်းအတာထိ မရောက်သေးဟု အီးယူသံအမတ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဖြစ်သင့်သည့် အတိုင်းအတာထိ မရောက်ရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Mr. Kristian Schmidt က ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က မြန်မာ နိုင်ငံဆိုင်ရာ EU သံအမတ်ကြီး၏ နေအိမ်တွင် ပြုလုပ်သည့် သားရဲတိရစ္ဆာန် ကုန်သွယ်ရေးနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲအပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သဘောထား မှတ်ချက်ပေးရန် The Voice သတင်းစာ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မွန်ပြည်သစ်ပါတီနှင့်လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ အပစ်ရပ်စာချုပ် (NCA) တွင် လက်မှတ်ထိုးခဲ့သည့် အခမ်းအနား၌ အသိသက်သေအဖြစ် ပါဝင်ခွင့်ရသည့်အတွက် ဝမ်းသာမိသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အဖွဲ့နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို စိုးရိမ်ကြောင်း ၎င်းက ပြောကြားသည်။ 

“ကချင်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သွားခဲ့တာ အဖွဲ့အစည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာ ယိုယွင်းလာတာကို တွေ့ရတယ်။ ဒီ KIO ရယ်၊ တပ်မတော်ရယ် ဒီဘက်အစိုးရအဖွဲ့တွေကြားမှာ နားလည်မှု မရတာလေးတွေ တဖြည်းဖြည်း ကြီးမားနေတာကို တွေ့ရတယ်။ ကျွန်တော်တို့ ယုံကြည်ချက်က ငြိမ်းချမ်းရေးကတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုက တစ်ခုတည်းသော အကောင်းဆုံးလမ်း ဖြစ်မယ်လို့ ယုံကြည်တယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံ အားလုံးက ထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကုလသမဂ္ဂ ပံ့ပိုးကူညီပေးရန် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ (Join Peace Fund) ကို တည်ထောင်ပြီး လာမည့် ခြောက်နှစ်တာကာလအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် ပေးအပ်ရန် ကတိကဝတ်ပြုပြီးဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာထားသည်။

လက်ရှိ အချိန်တွင် ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့က ရန်ပုံငွေများ ထည့်ဝင်ရန် ကတိပြုထားကြောင်း သိရသည်။

J-18