News

POST TYPE

NEWS

မန္တလေး-လားရှိုး ကားလမ်းမကြီးပေါ်ရှိ ကုန်တင်ယာဉ်များကို လက်နက်ကိုင်အဖွဲ့ ပစ်ခတ်
24-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ မန္တလေး-လားရှိုး ကားလမ်းမကြီးပေါ်ရှိ ကုန်တင်ယာဉ်များကို ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူသုံးဦး ဒဏ်ရာရခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး လားရှိုးမြို့ သွားရောက်နေသည့် ကုန်တင်ယာဉ် ငါးစီးတွဲအုပ်စုကို လက်နက်ကိုင်အဖွဲ့များက လက်နက်ငယ် အမျိုးအစားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူသုံးဦး ကျည်ထိမှန် ဒဏ်ရာရသွားကြောင်း ကျောက်မဲ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နှစ်ယောက်မှာ တစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့တော့ ကြားရတယ်။ ဆေးရုံကို ပို့ထားတယ်လို့လည်း သိရတယ်။ ဘယ်အဖွဲ့က လုပ်လဲဆိုတာတော့ အတိအကျ မသိဘူး။ ဒီဘက်မှာ လှုပ်ရှားတာတော့ မြောက်ပိုင်းအဖွဲ့တွေ ရှိတယ်လေ”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တိုင်းရင်းသား မီဒီယာအချို့က သတင်းဖော်ပြထားပြီး အဆိုပါ ကုန်တင်ယာဉ် ငါးစီးပေါ်တွင် နွားများကို တင်ဆောင်လာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ ရှမ်းမြောက် ကျောက်မဲဒေသတွင် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကချင်လက် နက်ကိုင်အဖွဲ့ (KIA) အဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေပြီး NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) လက်နက်ကိုင်အဖွဲ့လည်း လှုပ်ရှားနေသည့်ဒေသ ဖြစ်သည်။

J-08