News

POST TYPE

NEWS

အင်ဒိုနီးရှား အသက်မွေးပညာသင်ကျောင်း


နိုင်ငံတွင် အသက်မွေးပညာ အထက်တန်းကျောင်းကို စက်မှုဇုန်အတွင်း ဖွင့်လှစ်ထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်နိုင်ခဲ့သည့် အသက်မွေးပညာသင် ကျောင်းတစ်ကျောင်းဖြစ်ပြီး ဂျပန်နိုင်ငံက ပူးပေါင်းအထောက်အပံ့ပေးကာ သင်ကြားပေးခဲ့သည်။ ထိုကျောင်းက သင်တန်းဆင်းများကိုလည်း အသက်မွေးပညာသင် ကောလိပ်၊ တက္ကသိုလ်များကို ဆက်တက်နိုင်စေရန် စီစဉ်ပေးခဲ့သည်။

အသက် ၂၀ အရွယ် ဒီကီအပန်ဒီသည် SMK Mitra Industri MM2100 ဆိုသည့် ထိုကျောင်းက ဆင်းလာခဲ့သူဖြစ်သည်။ ယခု သူက PT Astra Honda Motor အလုပ်ရုံတွင် မော်တော်ဆိုင်ကယ် အင်ဂျင်နီယာတစ်ယောက် ဖြစ်နေသည်။ သူက“ကျွန်တော် လေ့လာတတ်မြောက်ခဲ့တာတွေဟာ SMK Mitra ကျောင်းကပါ”ဟု ဆိုသည်။ 

Astra Honda အလုပ်ရုံသည် ဂျာကာတာ အရှေ့ပိုင်း၊ အနောက်ဂျာဗားပြည်နယ်၊ ဘီကာဆီ MM2100 Industrial Town စက်မှုဇုန်တွင် တည်ထောင်ထားသည်။ ဂျပန်နိုင်ငံက ထိုစက်မှုဇုန်ထဲတွင် ၇၀ ရာခိုင်နှုန်းခန့် ရင်းနှီးမြှုပ်နှံပေးကာ လုပ်ငန်းခွင်တစ်ခုကို လာရောက်ထူထောင်ပေးထားခြင်း ဖြစ်သည်။ ထိုအလုပ်ရုံက သင်တန်းလည်းပေးသည်။ ထိုသင်တန်းကို အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်တက်နိုင်ပြီး ထိုကျောင်းဆင်းတိုင်းလိုလို လက်ရှိလုပ်ငန်းခွင်များတွင် အကျိုးရှိစွာဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်သော အခွင့်အရေးများကိုလည်း ရရှိနေကြပြီဖြစ်သည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် စက်မှုဇုန်အတွင်း ဂျပန်နှင့်ဒေသခံကုမ္ပဏီများ ပူးပေါင်းကာ အသက်မွေးပညာသင်ကျောင်းကို ၂၀၁၁ ခုနှစ်ကတည်းက ထူထောင်ခဲ့သည်။ ကျောင်းသားများကို စက်ရုံ အလုပ်ရုံများတွင် အမှန်တကယ် ကျွမ်းကျင်စွာဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အဆင့်အထိ လက်တွေ့သင်ကြားပေးကြသည်။

အင်ဒိုနီးရှား စက်မှုဇုန် (Industrial Park) အတွင်း အလုပ်ရုံသင်တန်းခွဲပေါင်း ၁၈၉ ခု ဖွင့်ထားသည်။ သူတို့နိုင်ငံတွင်လည်း အသက်မွေးပညာသင် ကျောင်းဆင်းများသည် စည်းကမ်းမရှိသော လူဆိုးလေးတွေအဖြစ် မှတ်ယူကြသည်။ ဂျပန်နိုင်ငံတွင်ပင် အသက်မွေးပညာသင်ကျောင်းများကို ထိုသို့ သဘောထားကြသည်။ လွတ်လပ်စွာ သင်ကြားမှုနှင့် သင်္ချာ အခြေခံလောက် ရှိလာလျှင်ပင် တက်ရောက်သင်ကြားနိုင်သည် ဆိုသောကြောင့် အထင်မကြီးကြခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ လက်တွေ့သင်တန်းကျောင်းက ဆင်းလာသူတွေမှာ စာတွေ့များထက်တော့ သာသည်မှာ အမှန်ပင်ဖြစ်သည်။

အရှေ့တောင်အာရှတွင် ဖွင့်ထားသည့် အသက်မွေးပညာသင် ကျောင်းအများစုသည် တတ်ကျွမ်းမှုထက် ဘွဲ့ သို့မဟုတ် လက်မှတ်တစ်ခုခုရရေးကိုသာ ဦးတည်ထားကြသည်က များသည်။ ထိုအယူအဆများကို အင်ဒိုနီးရှားနိုင်ငံရှိ ကျောင်းများက ပြုပြင်နိုင်ရန် ကြိုးစားနေသည်။ အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်သည့် အလုပ်လက်မဲ့နှုန်းများတွင် အသက်မွေး ပညာသင်ကျောင်းများဆင်းများသည် ၁၁ ဒသမ ၄ ရာခိုင်နှုန်းဖြစ်နေသည်။ ကောလိပ်တက္ကသိုလ် ကျောင်းဆင်းများက အလုပ်လက်မဲ့နှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းသာဖြစ်နေသဖြင့် ဘွဲ့လက်မှတ်ကို ပိုပြီးအထင်ကြီး ကိုးစားနေသေးကြောင်း ထင်ရှားသည်။

SMK Mitra အသက်မွေးပညာသင် ကျောင်းများတွင် သင်ရိုးထဲမှာကိုပင် အကျင့်စာရိတ္တပြုပြင်ရေး သဘောတရားများကို ထည့်သွင်းထားကြောင်းတွေ့ရသည်။ သင်ရိုးတွင် စာရိတ္တ ၅၀ ရာခိုင်နှုန်း၊ ကျွမ်းကျင်မှု ၃၀ ရာခိုင်နှုန်း၊ အသိပညာ ၂၀ ရာခိုင်နှုန်းဟု ရေးဆွဲကာ သင်ကြားပေးနေခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇွန်လက ရန်ဖြစ်သော ကျောင်းသား ၁၇ ယောက်ကို ကျောင်းထုတ်လိုက်သည်။ သူတို့က စည်းကမ်းကိုတော့ အသေကိုင်ထားသည်။

ကျောင်းတွင် သင်ကြားပေးနေသည့် ဘာသာရပ်များမှာ မော်တော်ဆိုင်ကယ် အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်ပစ္စည်းများ တပ်ဆင်ကျွမ်းကျင်သင်တန်း၊ စာရင်းကိုင်၊ အပေါ့စားယာဉ်ပြင်ဆင်ရေး၊ စက်မှုအီလက်ထရွန်နစ်၊ စက်ပြင်၊ ဧည့်ကြိုသင်တန်းများဖြစ်သည်။ ထိုကျောင်း၏ ထူးခြားချက်မှာ ကျောင်းသားများကို လက်တွေ့သင်ပေးရန်သာဖြစ်ပြီး အမှတ်နည်းသောကြောင့် ကျောင်းထုတ်ခြင်းမရှိ။ စည်းကမ်း မလိုက်နာလျှင်တော့ ကျောင်းထုတ်သည်။

လက်ရှိ စက်မှုဇုန်သင်တန်းကျောင်းတွင် လာတက်နေသည့် ကျောင်းသားပေါင်း ၁၃၀၀ ကျော်ရှိသည်။ အားလုံးသည် ဘီကာဆီဒေသကဖြစ်သည်။ ကျောင်းစဖွင့်ပြီးကတည်းက ထိုကျောင်းထွက် ကျောင်းသားပေါင်း ၆၁၂ ဦး အလုပ်ရနေသည်။ ၇၀ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်ဝင်နိုင်ပြီး ၂၆ ရာခိုင်နှုန်းက ကောလိပ်၊ တက္ကသိုလ်များကို ဆက်တက်နိုင်ခဲ့ကြသည်။ ဂျပန်ကို ပညာတော်သင်အဖြစ် စေလွှတ်ခြင်းခံရသူတွေလည်း များသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အသက်မွေးပညာသင် ကျောင်းများကို ပြည်နယ်များတွင် တိုးချဲ့ဖွင့်လှစ်ရန် အားပေးထားသည်။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး စတုတ္ထလိုက်နေသည့် နိုင်ငံတွင် အသက်မွေးပညာသင် ကျောင်းများဖြင့်သာ အလုပ်လက်မဲ့နှုန်းကို ဖြေရှင်းနိုင်မည်ဟု သဘောပေါက်ထားသည်။ ထို့ကြောင့် SMK Mitra ကျောင်းကဲ့သို့ အသက်မွေးပညာသင်ကျောင်း ၁၆ ကျောင်းကို နိုင်ငံအတွင်း တိုးချဲ့ဖွင့်ရန် စီစဉ်နေသည်။ 

သူတို့နိုင်ငံက နိုင်ငံတကာ စက်မှုလုပ်ငန်းကြီးများနှင့် ချိတ်ဆက်ပြီး စက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေမည့် ပညာတတ်များကို မွေးထုတ်ရန် ကြိုးစားသည်။ ဂျပန်နိုင်ငံသာမက အခြား စက်မှုလုပ်ငန်းများကို သူတို့လူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်ပေးရန် ဖိတ်ခေါ်သည်။ လူသားရင်းမြစ် အပေါဆုံးနိုင်ငံများတွင် အသက်မွေးပညာသင် ကျောင်းများက မွေးထုတ်ပေးမည့် ပညာရှင်ကျွမ်းကျင်သူများသာ အဓိကကျလာမည်ဟု သူတို့ ကြိုတင်တွေးဆထားသည်။ 

E-01
(Ref: The Japan Times)