News

POST TYPE

NEWS

ဆလုံရိုးရာနတ်ပွဲ ဝင်ရောက်ဖျက်ဆီးခံရ
23-Feb-2018



ကော့သောင်း၊ ဖေဖော်ဝါရီ ၂၂

ကော့သောင်းမြို့နယ်၊ စူငယ်ပါလိုင်း ကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပပြုလုပ်နေသည့် ဆလုံတိုင်းရင်းသားများ၏ ရိုးရာနတ်ပွဲကို ကင်းမွန်မီးထွန်းလှေလုပ်သားတစ်စု ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မကြုံကလက်ကျေးရွာသားများထံမှ သိရသည်။ 

နတ်ပွဲကျင်းပနေစဉ် အောင်ဘာကျေးရွာမှ ကင်းမွန်မီးထွန်းလှေ ရေလုပ်သား ၄ ဦးသည် နတ်ပွဲရှိရာသို့ အရက်မူးကာ လာရောက်ခဲ့ပြီး နတ်ပွဲအတွင်းဝင် ကမည်ပြုစဉ် အပြင်ဘက်တွင်သာ ကရန် ဆလုံများက တားမြစ်သည့်အတွက် နတ်ပွဲမှအလံများ ရိုက်ချိုးဖျက်ဆီးခြင်း၊ ဆလုံ လူမျိုးများအား ရမ်းကားခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် နတ်ပွဲပျက်ခဲ့ရသည်ဟု ရွာသားများကဆိုသည်။ 

“ဓားတွေ တုတ်တွေနဲ့လည်း လာရမ်းသွားတယ်။ ဆလုံအမျိုးသမီးရော အမျိုးသားတွေလည်း သတိထားဖို့လည်း ကြိမ်းဝါးသွားတယ်”ဟု မကြုံကလက် ကျေးရွာနေ ဆလုံလူမျိုးတစ်ဦးဖြစ်သည့် ဦးအိုမက်က ဆိုသည်။

ရိုးရာနတ်ပွဲကျင်းပသည့် ဆလုံလူမျိုးမှာ အနည်းစုသာ ကျန်ရှိတော့သည့်အတွက် ယခုကဲ့သို့ ဆလုံလူမျိုးများ စိုးရိမ်ထိတ်လန့်အောင် မပြုလုပ်ရန် တာဝန်ရှိသူများက ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း မကြုံကလက်ကျေးရွာနေ ဆလုံအမျိုးသမီးနှင့် အိမ်ထောင်ကျနေသည့် ဦးထွေးက ဆိုသည်။ 

“နတ်ပွဲကျင်းပလာတဲ့တစ်လျှောက် အခုလိုမကြုံဖူးဘူး၊ သူတို့ခြိမ်းခြောက်ထားတဲ့အတွက် ပင်လယ်ပြင်မှာ ရန်ပြုခံရမှာကိုလည်း ကြောက်တယ်”ဟု ၎င်းကဆိုသည်။

ဆလုံရိုးရာ နတ်ပွဲကိုလည်း ဖျက်ဆီးခဲ့သည့်အပြင် သစ်တောရုံးပိုင်စက်လှေ တစ်စီးကိုလည်း ဖျက်ဆီးခဲ့သည့်အတွက် လှေလုပ်သား ၄ ဦးကို ဥပဒေအရ အရေးယူပေးရန် ကော့သောင်းမြို့နယ်ရဲစခန်း၌ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် အမှုဖွင့်ထားသည်ဟု လန်ပိကျွန်းအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch