News

POST TYPE

NEWS

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာရေးပါရဂူဘွဲ့ပေးနိုင်ရန် စီစဉ်
မန္တလေး၊ ဖေဖော်ဝါရီ ၂၂

တက္ကသိုလ်ဖွင့်ထားသည့် သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်သော စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာရေးပါရဂူဘွဲ့ပေးနိုင်ရန် ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများက စီစဉ်နေကြောင်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။ 

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်/ချုပ် ဒေါက်တာသိန်းဝင်းက ယင်းသင်တန်းအတွက် သင်ကြားပေးမည့် ပညာရေးပါရဂူ ဘွဲ့ရ ဆရာအင်အား လုံလုံလောက်လောက်ရှိလျှင် စတင်မည်ဖြစ်ကြောင်း၊ ယင်းအတွက် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးပါရဂူဘွဲ့သင်တန်းသားများလာလျှင် စတင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ပညာရေးပါရဂူဘွဲ့ပေးနိုင်ရေး ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် တက္ကသိုလ်အသီးသီးမှ ပညာရှင်များပါဝင်သည့် Board of Study အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ပြီး အဆိုပါဘွဲ့သင်တန်းကို ဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြကြောင်း ပညာရေးတက္ကသိုလ် ဆရာ၊ ဆရာမများထံမှ သိရှိရသည်။

ယင်းဆွေးနွေးချက်များကို ပညာရေးတက္ကသိုလ် ပညာရေးအဖွဲ့သို့ တင်ပြပြီး အတည်ပြုလျှင် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း၊ ယင်းနောက် ခွင့်ပြုချက်ရပြီး သင်တန်းသားခေါ်ယူရေး စီစဉ်ပြီးစီးလျှင် ကြေညာမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဦးသုတက “ပညာရေးပါရဂူဘွဲ့ ယူမယ်ဆိုရင် ရန်ကုန်အထိ သွားကြရတာပါ။ စစ်ကိုင်းမှာဖွင့်မယ်ဆိုရင် စစ်ကိုင်းနဲ့ မန္တလေးက ဆရာ၊ ဆရာမတွေက ကိုယ့်တက္ကသိုလ်မှာပဲ ဝင်ခွင့်ဖြေပြီး တက်ခွင့်ရသွားမှာဆိုတော့ တော်တော်အဆင်ပြေသွားမှာပါ”ဟု ပြောဆိုသည်။ 

မြန်မာပြည်တွင် အထက်တန်းပြဆရာများ မွေးထုတ်သည့် ပညာရေးတက္ကသိုလ်နှစ်ခုရှိသည့်အနက် ရန်ကုန်ပညာရေးတက္ကသိုလ်က ပညာရေးပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်နေပြီး စစ်ကိုင်းပညာရေးတက္ကသိုလ်က ယခုမှ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

လက်ရှိတွင်မူ မြန်မာတစ်နိုင်ငံလုံးမှ ပညာရေးပါရဂူဘွဲ့ရယူမည့် ဆရာများအနေနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကိုသာ သွားရောက်တက်ရောက်ကြရသော်လည်း စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် သင်တန်းဖွင့်လှစ်ပါက မြန်မာပြည်အထက်ပိုင်းဆရာများ ပိုနီးသည့်နေရာတွင် တက်နိုင်တော့မည်ဖြစ်သည်။

M-04