News

POST TYPE

NEWS

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်လည်ပတ်ရက်တိုးရေး အစိုးရချင်း လက်မှတ်ထိုးရန် စီစဉ်
23-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနှင့်အိန္ဒိယနိုင်ငံကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်ပတ်ရက် ထပ်တိုးခွင့်ပြုနိုင်ရေး နှစ်နိုင်ငံအစိုးရချင်း သဘောတူလက်မှတ်ရေးထိုးရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

“လက်မှတ်ရေးထိုးပြီးသွားရင် လည်ပတ်ရမယ့်ရက်တွေ တိုးလာမှာပေါ့။ လက်ရှိကတော့ နိုင်ငံတော်အဆင့် လက်မှတ်ရေးထိုးဖို့ရှိတယ်။ MoU ဒီလကုန် သို့မဟုတ် မတ်လမှာ ထိုးဖြစ်မှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာ - အိန္ဒိယနိုင်ငံ နယ်စပ်သွားလာရေး သဘောတူစာချုပ်ချုပ်ဆိုပြီး နှစ်နိုင်ငံသဘောတူ MoU လက်မှတ်ရေးထိုးပြီးပါက ၁၃ ည အိပ် ၁၄ ရက် သို့မဟုတ် ၆ ညအိပ် ၇ ရက်ခန့် လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးပြီးပါက ခွင့်ပြုသည့်အချက်အလက်အတိအကျကို ပြည်သူများသိရှိရန် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ သွားရောက်သူများအနေနှင့် သက်ဆိုင်ရာအထောက်အထား လက်မှတ်ဖြင့် အိန္ဒိယနိုင်ငံ မိုရေးမြို့ကို နေ့ချင်းပြန်သွားရောက်ခွင့်ရှိပြီး အိန္ဒိယနိုင်ငံဘက်က လာရောက်သူများအနေနှင့် အထောက်အထားလက်မှတ်များဖြင့် မြန်မာနိုင်ငံ တမူးမြို့သို့ နေ့ချင်းပြန် ဝင်၊ ထွက် ခွင့်ပြုနေကာ သက်တမ်းရှိ နိုင်ငံကူး လက်မှတ်နှင့် ပြည်ဝင်ဗီဇာရှိသူများအနေနှင့်လည်း နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်ဖြင့် ဝင်ထွက်သွားလာနေခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တမူးမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက တမူးမြို့မှ တစ်ဖက်နိုင်ငံနယ်စပ်မြို့ကို တရားဝင်ကူးသန်းသွားလာခွင့်ရရှိဖို့ မည်သို့စီမံဆောင်ရွက်ပေးမည်နည်းဟု မေးခွန်းမေးမြန်းခဲ့သည်။

မြန်မာ - အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သော တမူးမြို့နယ်မှ တစ်ဖက်နိုင်ငံနယ်စပ်မြို့သို့ ၇ ရက် ပတ်စ်ပို့ သို့မဟုတ် နေ့ချင်းပြန်ပတ်စ်ပို့ဖြင့် တရားဝင်ကူးသန်းသွားလာခွင့်ပြုနိုင်ရေး ဆောင်ရွက်နေပြီး စာချုပ်ချုပ်ဆိုပြီးပါက နယ်စပ်ဝင်ထွက်ပေါက်များမှတစ်ဆင့် တရားဝင်ကူးသန်းသွားလာခွင့် ရှိမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့သည်။

J-06