News

POST TYPE

NEWS

ကမ္ဘာ့နိုင်ငံ အများစုကို အဂတိ လိုက်စားသည့်နိုင်ငံများဟု သတ်မှတ်နိုင်ကြောင်း ပွင့်လင်းမြင်သာမှုအဖွဲ့ ထုတ်ပြန်
22-Feb-2018


ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂

ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများကို အဂတိ လိုက်စားသည့်နိုင်ငံများဟု ခေါ်ဆို၍ ရနိုင်သည်ဟု နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International – TI) က ထုတ်ဖော် အသိပေးလိုက်ကြောင်း ဂျာမန်သတင်းဌာန DW က ရေးသားဖော်ပြသည်။ 

TI က နိုင်ငံများအတွင်း အဂတိ လိုက်စားမှုနှုန်းထားနှင့် မီဒီယာများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုတို့အကြား ရှင်းလင်းသည့် ချိတ်ဆက်မှု ရှိနေသည်ဟူသောအချက်ကို တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံ အတော်များများကို အဂတိလိုက်စားသည့်နိုင်ငံဟု ခေါ်၍ရကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့က အဂတိလိုက်စားမှု ဆိုင်ရာညွှန်းကိန်း(CPI) တစ်ရပ်ကို TI  ကထုတ်ပြန်ခဲ့ရာ ကမ္ဘာပေါ်ရှိအစိုးရ အဖွဲ့အတော်များများသည် အကျင့်ပျက် ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု အစရှိသည်တို့ကို တိုက်ဖျက်ရာတွင် ခြေလှမ်းများ နှေးကွေးလျက်ရှိကြောင်း၊ သို့သော် အချို့နိုင်ငံများမှာ မူယခင်နှစ်ကာလများထက် တိုးတက်လာသည့် အနေအထားတွင်ရှိ ကြောင်းဖော်ပြသည်။ 

နှစ်စဉ်ထုတ်ပြန်လေ့ရှိသော အဆိုပါ ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ ကို အဂတိ လိုက်စားမှု အဆင့်လိုက် သတ်မှတ်ဖော်ပြသည်။ ထိုသို့ဖော်ပြရာတွင် ကျွမ်းကျင်သူ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို တွေ့ဆုံမေးမြန်းပြီး ယင်းနိုင်ငံများ၏ အများပြည်သူဆိုင်ရာ အခန်းကဏ္ဍတို့တွင် ဖြစ်ပေါ်နေသော အဂတိ လိုက်စားမှု အတိုင်းအတာကို လေ့လာခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံများကို အမှတ်ပေးသတ်မှတ်ရာတွင် သုညမှ ၁၀၀ အထိ သတ်မှတ်ထားပြီး သုညဆိုပါက အလွန်အမင်း အဂတိလိုက်စားသောနိုင်ငံဖြစ်ပြီး ၁၀၀ မှတ်ရသည်ဆိုပါက အကျင့်ပျက်ခြစားမှု အလွန်ကင်းစင်သော နိုင်ငံဖြစ်သည်။ 

ယခုနှစ်တွင်မူ နိုင်ငံပေါင်း သုံးပုံနှစ်ပုံကျော်ခန့်မှာ အမှတ် ၅၀ အောက်သာ ရောက်ရှိနေရာ အဂတိလိုက်စားသော နိုင်ငံများအဖြစ် သတ်မှတ်၍ရနိုင်ကြောင်း သတ်မှတ်ဖော်ပြခြင်းဖြစ်သည်။ 

အမှတ် ၁၀၀ မဟုတ် သော်လည်း ၉၀ နီးပါးခန့်ဖြင့် အဂတိတရား အကင်းစင်ဆုံးအဆင့် ရောက်ခဲ့သော နိုင်ငံများမှာ နယူးဇီလန် (၈၉)၊ ဒိန်းမတ် (၈၈)၊ ဖင်လန် (၈၅)၊ နော်ဝေ (၈၅)နှင့် ဆွစ်ဇာလန် (၈၅)တို့ဖြစ်သည်။ 

အဂတိလိုက်စားမှု အတိုင်းအတာအရ အဆိုးရွားဆုံးအဆင့်သို့ ရောက်နေသည့်နိုင်ငံများမှာမူ ယီမင်(၁၆)၊ အာဖဂန်နစ္စတန်(၁၅)၊ ဆီးရီးယား(၁၄)၊ တောင်ဆူဒန်(၁၂)နှင့် ဆိုမာလီယာ(၉) တို့ဖြစ်ကြသည်။

F-01