News

POST TYPE

NEWS

လူ ၅၀ ကျော်ကို တရုတ်သို့ တရားမဝင်ပို့မည့်သူနှစ်ဦး ဖမ်းမိ
22-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၂၂

မြင်းခြံမြို့နယ်အတွင်းမှ ဒေသခံ အမျိုးသား ၄၄ ဦးနှင့် အမျိုးသမီးရှစ်ဦးကို တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ရန် ခေါ်ဆောင်လာသူနှစ်ဦးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညက မန္တလေးမြို့အထွက် ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း အုန်းချောနယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မြင်းခြံမြို့နယ် ကူရွာမှ အသက် ၃၁ နှစ်အရွယ်ရှိ ဦးကျော်စိုးလင်းနှင့် မန်ကျည်းတစ်မျှားကျေးရွာမှ အသက် ၃၈ နှစ်အရွယ်ရှိ ဦးအောင်လင်းတို့သည် ပတ်ဝန်းကျင် ကျေးရွာများမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၂ ဦးကို တရုတ်နိုင်ငံ ကွမ်တုံမြို့ရှိ ပရိဘောဂစက်ရုံတစ်ခုတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ လစာအနေနှင့် တစ်လလျှင် ကျပ်ငါးသိန်းခန့် ရရှိနိုင်သည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း အုန်းချောနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်မြင့်က ပြောကြားသည်။ 

“သူတို့ကိုယ်တိုင်လည်း တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတယ်။ အဲ့ဒီမှာဆိုရင် လစာလည်း ကောင်းမယ်။ ခင်ဗျားတို့ လိုက်ချင်ရင် လိုက်ခဲ့ဆိုပြီး ပတ်ဝန်းကျင်ရွာက လူတွေကိုခေါ်လာတာ။ ဝင်ငွေနည်းတဲ့သူတွေ၊ အလုပ်မရှိတဲ့သူတွေပဲ”ဟု ၎င်းကရှင်းပြသည်။

ယင်းသို့ခေါ်ဆောင်လာကြောင်း မန္တလေးတိုင်း မှုခင်းအကူတပ်ခွဲက သတင်းရသောကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မှုခင်းအကူရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ထံမှလည်း သိရသည်။

အဆိုပါ လူ ၅၂ ဦးကို အလုပ်အကိုင် ရှာပေးရသည့်အတွက် တစ်ဦးလျှင် ကျပ် ငါးသိန်းနှစ်သောင်းဖြင့် အဖိုးအခယူကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲ (မန္တလေး) မှ တပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးဇင်က ပြောကြားသည်။

“ဒီအမှုက လူကုန်ကူးမှုနဲ့ တရားစွဲလို့တော့ မရဘူး။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဥပဒေနဲ့ပဲ အရေးယူလို့ရမယ်”ဟု ၎င်းကပြောဆိုသည်။ 

ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲ အခကြေးငွေယူကာ ခေါ်ဆောင်လာသည့် ဦးကျော်စိုးလင်းနှင့် ဦးအောင်လင်းတို့ကို အုန်းချောနယ်မြေ ရဲစခန်းက (ပ)၂၇/၂၀၁၈၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် အုန်းချောနယ်မြေ ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ (မန္တလေး) တို့က မြင်းခြံမြို့နယ်အတွင်းမှ ဒေသခံ အမျိုးသား ၄၄ ဦး နှင့် အမျိုးသမီးရှစ်ဦးတို့ကို နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း အုန်းချော နယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။

M-04