News

POST TYPE

NEWS

ပဲခူးတိုင်းအစိုးရဖွဲ့ထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို ရပ်ဆိုင်း
22-Feb-2018

တောင်ငူ၊ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖွဲ့စည်းပေးထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့(BRCCA)ကို ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ ရပ်ဆိုင်းလိုက်သည်။

အဆိုပါ အဖွဲ့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ ထွက်ပေါ်လာသည်အထိ ရပ်ဆိုင်းဆောင်ရွက်သင့်ကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အဆိုတင်သွင်းခဲ့ကြောင်း၊ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ၆၆ ဦးရှိပြီး ထောက်ခံမဲ ၄၀ ဦး၊ ကြားနေမဲ ၃ ဦးနှင့် ကန့်ကွက် မဲ၂၂ ဦးတို့ဖြင့် အဆိုအောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်က ထုတ်ပြန်သည်။

“အခုအနေအထားက အခြေခံ ဥပဒေနဲ့ မကိုက်ညီသေးလို့ အဆိုတင်တာပါ။ နည်းဥပဒေတွေ၊ ဥပဒေတွေထွက်လာတဲ့ အချိန်ထိ ရပ်ဆိုင်းထားသင့်ပါတယ်”ဟု အဆိုတင်သွင်းသူ ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ (BRCCA) ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ် ကိုယ်စားလှယ်က နိုင်ငံအဝန်း တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီရေး၊ ဘဏ္ဍာငွေ အလေအလွင့် မဖြစ်ရေးအတွက် တတိယ အဖွဲ့အစည်း တစ်ခုဖွဲ့ပြီး ကြီးကြပ်ပေးရန် အဆိုတင်သွင်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွက် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ (BRCCA) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းအဖွဲ့က တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ပြီး အရည်အသွေးစံချိန် စံညွှန်း မီ မမီ ထုတ်ပြန်ပေးရကြောင်း၊ ယင်းအပြင် စီမံကိန်းတန်ဖိုး ကုန်ကျစရိတ်၏၂ ရာခိုင်နှုန်းကို အဖွဲ့က ရယူရကြောင်း အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

BRCCA အဖွဲ့ကို နည်းဥပဒေ မထွက်ခင် ရပ်ဆိုင်းထားရန် အဆိုကို တင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ်က မှတ်တမ်းအဖြစ် ထားရှိရန်သာ တင်ပြခဲ့သော်လည်း လွှတ်တော်တာဝန်ရှိသူက ဖိအားပေးပြီး မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ အဆိုကို ထောက်ခံသူ ၄၀ ဦးရှိပြီး ကန့်ကွက် မဲပေးသူ ၂၂ ဦးရှိပါကြောင်း၊ အဖွဲ့အနေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်ကို မပြောလိုသော်လည်း အဖွဲ့အနေနှင့် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း BRCCA အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးဆန်းမြင့်က ပြောကြားသည်။

R-15