News

POST TYPE

NEWS

တရားမဝင် ငွေစုငွေချေးလုပ်ကိုင်သူများကို အရေးယူမည်
ပြည်၊ ဖေဖော်ဝါရီ ၂၂

ပြည်မြို့နယ်အတွင်း ငွေစုငွေချေး လိုင်စင်မရှိဘဲ တရားမဝင် ငွေစုငွေချေး လုပ်ကိုင်နေသူများကို ပထမအကြိမ် ခေါ်ယူ သတိပေးပြီး ထပ်မံမလိုက်နာပါက ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း ပြည်မြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကျော် က ပြောကြားသည်။

ပြည်မြို့နယ်အတွင်း ဒီဇင်​ဘာလခန့်မှစတင်ကာ ငွေဆယ့်ငါးသိန်းမှ စတင်ချေးမည်ဟုဆိုကာ ချေးငွေဖောင်ကို ကျပ်နှစ်သောင်းဖြင့် ဝယ်ယူလျှောက်ထားရခြင်း၊ အသက် ၄၀ အထက်ရှိသူများကိုလည်း ဖောင်ဒေးရှင်းတစ်ခုမှ ချေးငွေပေးသည်ဟုဆိုကာ ချေးငွေဖောင်လျှောက်ထားရန် လုပ်ဆောင်နေခြင်းများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“အခုလောလောဆယ် ဖြစ်နေတာ ငွေချေးဖို့ ဖောင်လျှောက်ဘာညာတွေက လိမ်တယ်လို့ တိုင်တဲ့သူ မရှိသေးဘူး။ တိုင်တဲ့သူ ရှိလာရင် ဒါတွေကို အရေးယူသွားမှာပါ”ဟု ဦးမြတ်ကျော်က ပြောဆိုသည်။

ငွေစုငွေချေး လုပ်ငန်းလိုင်စင်မရှိဘဲ ယခုကဲ့သို့ ရပ်ကွက်၊ ကျေးရွာများအတွင်း ငွေပမာဏများစွာဖြင့် ငွေချေးမှု လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို မလုပ်ဆောင်ရန် ခေါ်ယူသတိပေးမည်ဖြစ်ပြီး သတိပေးပြီးနောက် မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒါက လိမ်နေတာလို့မြင်တယ်။ ပါတီကလည်း မချေး၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကလည်း သဘာဝဘေးတွေကို အဓိက လုပ်တာ။ ငွေချေးပေးတာ မဟုတ်ဘူး။ လိမ်နေတာ။ ပါတီကိုပါ ပုံရိပ်ကျဆင်းအောင် လုပ်နေတာပါ။ ဒီအတွက် ပြည်သူတွေ အလိမ်မခံရအောင် အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေဖို့ လုပ်နေတယ်”ဟု ခေတ္တရာမြို့သစ်ရပ်ကွက် NLD ပါတီမှ ဒေါ်ဥမ္မာမြင့်က ပြောဆိုသည်။

ပြည်မြို့နယ်အတွင်း ဒီဇင်ဘာလခန့်က ငွေကျပ် ၁၅ သိန်းချေးခွင့်ရမည်ဟုဆိုကာ ချေးငွေလျှောက်ရန် ချေးငွေဖောင် တစ်စောင်လျှင် နှစ်သောင်းကျပ်ဖြင့် ဝယ်ယူခဲ့ရပြီး ငွေချေးမရသောကြောင့် ဖောင်ဖိုးငွေ ပြန်တောင်းရာမရသည့်အတွက် တရားစွဲဆိုရန် စီစဉ်နေကြောင်း အဆိုပါ ဖြစ်စဉ်ကြုံတွေ့ခဲ့ရသူများ ကိုယ်စား ဒေသခံ ဦးအေးနိုင်ထံမှ စုံစမ်းသိရှိရသည်။

M-06