News

POST TYPE

NEWS

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှ ဖမ်းဆီးထားခံရသူကို ကျပ်သိန်းတစ်ထောင်ဖြင့် အာမခံပေး
22-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန် လေဆိပ်တွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှ ဖမ်းဆီးတရားစွဲဆိုထားသော ကြည်လင်း အပါအဝင် လေးဦး၏အမှုကို မြောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ရာ ပြစ်မှုပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ထားသည့် အောင်ဝင်းထွန်းကို ကျပ်သိန်း ၁၀၀၀ ဖြင့် အာမခံပေးခဲ့ကြောင်း ရှေ့နေ ဦးနေလထံမှ သိရသည်။

“ပုဒ်မ ၂၁၂ က ဥပဒေအရ အာမခံပေးနိုင်တဲ့ပုဒ်မဖြစ်တယ်။ အာမခံပေးခြင်းအပေါ်မှာ အချက်သုံးချက်နဲ့ အခြေခံပြီး စဉ်းစားတယ်။ ပထမအချက် ဥပဒေအရ အာမခံပေးနိုင်လား မပေးနိုင်လားဆိုတာ ဒုတိယအချက်က အာမခံပေးလိုက်တဲ့သူက ထွက်ပြေးတိမ်းရှောင်မယ့်သူ ဟုတ်သလား မဟုတ်သလားပေါ့။ တတိယအချက်က သက်သေတွေ အားလုံးကို ဖျက်ဆီးနိုင်မလား ဖျောက်ဖျက်နိုင်မလား။ အဲဒီထဲမှာ တတိယအချက်ကို စိတ်ထဲမှာ ဘဝင်မကျ ဖြစ်မိတယ်။”ဟု ရှေ့နေ ဦးနေလက ပြောသည်။

အာမခံရရှိခဲ့သူ အောင်ဝင်းထွန်း အပါအဝင် တရားစွဲဆိုခံရသူလေးဦးကို မြောက်ပိုင်းခရိုင် တရားရုံးတွင် စွဲချက် အမိန့်ချမည့်နေ့က ယင်းတရားရုံးဝင်းတွင် “ထမင်းဝအောင်စားထား” စာတမ်းပါ တီရှပ်အင်္ကျီများ ဝတ်ဆင်ထားသည့် အမျိုးသားလေးဦးက ရောက်ရှိလာပြီး လူသတ်မှု ကျူးလွန်သူများကို ၎င်းတို့က အားပေးထောက်ခံကြောင်း ရုံးထုတ်အပြန် ရဲကားနောက်လိုက်၍ ပြောဆိုခဲ့ကြသည်။

အဆိုပါ လေးဦးမှ နှစ်ဦးမှာ ကြည်လင်း အပါအဝင် လေးဦး၏ အမှုကို စွဲချက်တင် အမိန့်ချမည့် ရက်မတိုင်ခင် အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ကြည်လင်းတို့နှင့်အတူ ၎င်းတို့နှစ်ဦးက ထောင်အတွင်း ဓာတ်ပုံအတူ တွဲရိုက်ထားသည့်ပုံများကို လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ရှေ့နေ ဦးနေလက ဆိုသည်။

“ဒီလူတွေက သူတို့ထောင်က ပြန်လွတ်လာချိန်မှာ အောင်ဝင်းဇော်တို့ ရုံးထုတ်လာပြီး အားပေးကူညီကြောင်း လာပြောခဲ့တယ်။ ဒီလိုဆောင်ရွက်နေပုံက တရားစီရင်ရေးကို အနှောင့်အယှက်ပေးတာပါ။ ဒါအပြင့် သက်သေတွေ အားလုံးကိုလည်း တစ်နည်းနည်းနဲ့ ဖျက်ဆီးဖျောက်ဖျက်လာနိုင်မလား စဉ်းစားစရာ ဖြစ်လာတယ်။ ဘာလို့ဆို တရားစီရင်ရေးကိုတောင် အနှောင့်အယှက် ပေးခဲ့တာလေ”ဟု ရှေ့နေ ဦးနေလက ပြောသည်။

တရားရုံးအနေနှင့် ယင်းအချက်ကို ထည့်သွင်းမစဉ်းစားခဲ့သည့်အပေါ် ဘဝင်မကျသဖြင့် အာမခံပေးသည့်ကိစ္စအပေါ် ဥပဒေအကြံပေးအဖွဲ့နှင့်တိုင်ပင်ပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အာမခံရရှိသွားသည့် အောင်ဝင်းထွန်းကို စွဲချက်တင်ထားသည့် ပုဒ်မ ၂၁၂ မှာ ထောင်ဒဏ် ၅ နှစ်အထိ ချခံနိုင်သော ပြစ်မှုမျိုးဖြစ်ကြောင်း ဦးနေလက ဆက်လက် ပြောကြားသည်။

အောင်ဝင်းထွန်းမှာ ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ၎င်း၏ ညီအရင်းဖြစ်သူ အောင်ဝင်းဇော်ကို အခင်းဖြစ်သည့်ညက ထွက်ပြေးတိမ်းရှောင်နိုင်ရန် မော်တော်ယာဉ်ဖြင့် ရန်ကုန်မှ ဘားအံံမြို့သို့ လိုက်လံပို့ဆောင်ချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ပူးတွဲ တရားခံတွေက သေဒဏ်ကျခံနိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ) နဲ့ စွဲချက်တင်ခံထားရတဲ့အပြင် အခြားပူးတွဲ တရားခံတစ်ဦးဖြစ်တဲ့ အောင်ဝင်းခိုင်က တရားခံပြေးကြေညာခံထားရတဲ့ အခြေအနေမှာ အောင်ဝင်းထွန်းကို အာမခံပေးလိုက်တာက မသင့်လျော်ဘူးလို့ မြင်ပါတယ်။ ဥပဒေက အာမခံပေးရမယ်လို့ ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ အာမခံ ပေးခွင့်ပြုရန် ညွှန်ကြားနိုင်သည်လို့ပဲ ခြွင်းချက်အဖြစ် ဆောင်ရွက်ရန်ပြဋ္ဌာန်းထားတာပါ။ ဥပဒေအရာရှိကရော ဘာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်မှုမလုပ်ခဲ့တာလဲဆိုတာ စဉ်းစားစရာတွေ အများကြီး ပေါ်လာစေပါတယ်”ဟု ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က မှတ်ချက်ပြုသည်။

အဆိုပါ အမှုကို ယခင်က သောကြာနေ့တိုင်း အပတ်စဉ် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း စွဲချက်တင် အမိန့်ချမှတ်ပြီးနောက် သေဒဏ်ကျစေနိုင်သည့်ပုဒ်မများဖြင့် တရားစွဲဆိုထားသည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် ကြည်လင်းတို့ဘက်မှ ပြန်ခေါ်သက်သေများကို ခေါ်စစ်ဆေးပေးရန် တင်ပြမှုကြောင့် အမှုစစ်ဆေးမှု မြန်ဆန်စေရန် ကြာသပတေးနှင့် သောကြာနေ့များတွင် ပုံမှန် ရုံးထုတ်စစ်ဆေးရန် တရားသူကြီးက သတ်မှတ်ပေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

S-03