News

POST TYPE

NEWS

ပြည်ပမှသွင်းသည့် စားသုံးဆီများ အခွန်တိုးကောက်ရန်အကြံပြု
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ပဲပုပ်ဆီ စသည့် စားသုံးဆီများအပေါ် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြံပြုတင်ပြထားကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။ 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကုန်သည် စက်မှုအသင်းချုပ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေ (မူကြမ်း) တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများအပေါ် ထည့်သွင်းကောက်ခံသင့်သည့် အခွန်နှုန်းထားများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဆီစက်လုပ်ငန်းရှင်များက ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအပေါ် လက်ရှိအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် တင်ပြခဲ့ပြီး အဆိုပါ ဆွေးနွေးအကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေ (မူကြမ်း) တွင် ထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောကြားသည်။ 

“ဆီကုန်သည်တွေက နိုင်ငံတကာကဆီကို တင်သွင်းချင်တယ်။ ဆီစက်ပိုင်ရှင်တွေက ကျန်းမာရေးနဲ့ညီတဲ့ ဆီကောင်းဆီသန့်ကို ထုတ်ချင်တယ်။ ဆန့်ကျင်ဘက်ဖြစ်နေတော့ ညှိနှိုင်းရမယ့်သဘောတွေ ဖြစ်နေတယ်။ နိုင်ငံခြားက ဝင်လာတဲ့ဆီတွေကို ကျွန်တော်တို့က ၂၅ ကနေ ၃၀ ရာခိုင်နှုန်းအထိ အခွန်ကို တိုးစေချင်တယ်။ အခုလည်း ဆီလုပ်ငန်းတွေက ရပ်နေတာ။ ထပ်ပြီးနှစ်ရှည်ရပ်ဆိုင်းရမယ့် သဘောဖြစ်နေတယ်။ ဆီကဏ္ဍမှာ အခွန်မူဝါဒက အင်မတန်အရေးကြီးတယ်”ဟု ၎င်းက ပြောဆိုသည်။ 

၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေ (မူကြမ်း) တွင် ကောက်ခံမည့် စားသုံးဆီအခွန်နှုန်းထားများနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ထပ်မံဆွေးနွေးရဦးမည်ဖြစ်ပြီး ပြည်တွင်းတွင် ထုတ်လုပ်နေသည့် မြေပဲဆီ၊ နှမ်းဆီလုပ်ငန်းများနှင့် ဆီစက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းထံမှ သိရသည်။ 

လက်ရှိတွင် ဆီထွက်သီးနှံကုန်ကြမ်းများ၊ ရောနှောဆီနှင့် စားအုန်းဆီများမှာ ပြည်ပမှတရားမဝင် ဝင်ရောက်လျက်ရှိသောကြောင့် ပြည်တွင်းရှိ ဆီစက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်သည် အရှုံးနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိကြောင်း၊ ယခင်က မြန်မာတစ်နိုင်ငံလုံးတွင် ဆီစက်အလုံးပေါင်း သုံးထောင်ကျော် ရှိသော်လည်း ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းများ ပိုမိုအရှုံးပေါ်လာသောကြောင့် လက်ရှိတွင် ဆီစက်အလုံးပေါင်း သုံးရာခန့်သာ လုပ်ငန်းလည်ပတ်နိုင်တော့ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။ 

J-11