News

POST TYPE

NEWS

လင်းနို့ဂူပြခန်းတွင် ရုပ်လုံးသွင်းတိရစ္ဆာန်များ ပြသမည်
22-Feb-2018



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေးပြခန်းတွင် ရုပ်လုံးသွင်း တောရိုင်းတိရစ္ဆာန်များကို ထားရှိပြသမည်ဖြစ်ကြောင်း တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။ 

အဆိုပါရုပ်လုံးသွင်း တိရစ္ဆာန်များကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထံမှ လွှဲပြောင်းရယူခြင်းဖြစ်ပြီး ကျား၊ ပသျှူးဝက်ဝံ၊ ချေ(ဂျီ)၊ သားပိုက်ကောင်၊ မျောက်လွှဲကျော်၊ ကြောင်ဝံပိုက်နှင့် သမင်ပြောက်တို့ဖြစ်ကာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအတွက် ရည်ရွယ်ပြသမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအနီး၊ ရွှေဘို-မြစ်ကြီးနားလမ်း၊ မိုင်တိုင်အမှတ် (၆၂/၆၃) အနီး၊ အရှေ့ဘက် ငါးမိုင်ခန့်အကွာရှိ လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးစခန်းကို ဧပြီလအတွင်း ဖွင့်လှစ်မည်ဖြစ်သည်။ 

အဆိုပါပြခန်းတွင် နှစ်ပေါင်း ၃၀၀ နီးပါးသက်တမ်းရှိသည့် ကျွန်းသားတုံးအပါအဝင် သစ်တောထွက်သစ်များ၊ ရုပ်လုံးသွင်း တောရိုင်းတိရစ္ဆာန်များ၊ တောရိုင်းတိရစ္ဆာန်များ၏ ဦးချိုပြကွက်များ၊ စစ်ကိုင်းတိုင်းအတွင်းရှိ သစ်တောများမှ တောပန်းအမျိုးမျိုး၊ လင်းနို့ဂူဒေသတွင် ပေါက်ရောက်သော အပင်များနှင့်သစ်ခွများ စသည့်ပြကွက် အသီးသီးကို ပြသမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

လင်းနို့ဂူဧရိယာ ၁၀၇၉၀ ဧကကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသခံများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါစခန်းကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

E-03


  • VIA