News

POST TYPE

NEWS

အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီမဲဆွယ်ရာတွင် အချက်အလက်များ အလွဲလွဲအချော်ချော်ပြောခဲ့ခြင်းကြောင့် လှောင်ပြောင်ခံရ


ရောမ၊ ဖေဖော်ဝါရီ ၂၁

အီတလီဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယိုဘာလူစကိုနီသည် ရွေးကောက်ပွဲနီးကပ်နေချိန်၌ စီးပွားရေးကွန်ဖရင့်တစ်ခုတွင် မဲဆွယ်စကားပြောရာ၌ ကိန်းဂဏန်းများ အလွဲလွဲအချော်ချော် ပြောခဲ့ကြောင့် ဝေဖန်ခံနေရပြီး ၈၁ နှစ်ဆိုသော အသက်အရွယ်က စကားပြောသွားပြီဟု သုံးသပ်မှုများရှိနေကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

သူ့လက်ထက်တွင် အီတလီနိုင်ငံသားများ လစဉ် ပင်စင် ၁၀၀၀ လိုင်ရာ (အီတလီငွေကြေး) ရအောင်ကူညီခဲ့သည်ဟု ဘာလူစကိုနီက ပြောသွားခဲ့သည်။ တကယ်တမ်းတွင် ၁၀၀၀ လိုင်ရာသည် ကော်ဖီတစ်ခွက်ဖိုးသာရှိပြီး အလွန်နည်းပါးသည့် ငွေကြေးဖြစ်သည်။ 

လက်ရှိတွင် အီတလီသည် ယူရိုငွေကြေးကိုသာ သုံးစွဲတော့ရာ ယူရိုနှင့်လိုင်ရာ မှားပြောမိခြင်းလည်း ဖြစ်နိုင်သည်။

မတ်လ ၄ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှတစ်ပြေးနေသည့် ဗဟိုလက်ယာယိမ်းပါတီများ ညွန့်ပေါင်းကိုဦးဆောင်သူ ဘာလူစကိုနီသည် လိင်ကိစ္စ အရှုပ်တော်ပုံများ၊ ဥပဒေ ငြိစွန်းမှုများကြောင့် နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် နိုင်ငံရေးနယ်ပယ်သို့ တစ်ကျော့ပြန်ဝင်ရောက်လာချိန်တွင် အားနည်းချွတ်ယွင်းသည့် လက္ခဏာများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

“ညစ်ပတ်တဲ့ကိစ္စတွေ အကုန်လုံးကို ကျုပ်တိုက်ပွဲဝင်နိုင်ခဲ့ပြီးပြီ။ ကျုပ်အပေါ်မှာ တိုက်ခိုက်မှုတွေအားလုံး၊ မုသားတွေအားလုံး၊ ဘန်ဂါဘန်ဂါ (ရှေ့ဖြစ်ဟော ဆရာမကြီး) ကနေ သက်ငယ် (ပြည့် တန်ဆာ) ကိစ္စအထိ အကုန်လုံးပါပဲ”ဟု ရောမမြို့တွင် ကျင်းပသောကွန်ဖရင့်တွင် ဘာလူစကိုနီက ပြောကြားခဲ့သည်။

မိန့်ခွန်းပြောရာတွင် ကိန်းဂဏန်း အလွဲအများအပြားရှိခဲ့ပြီး အီတလီတွင် အခွန်ရှောင်သည့် ပမာဏမှာ ယူရို ၈ သိန်းမျှရှိနေသည်ဟု ပြောကြားခဲ့ရာ တကယ်ရှိသည်ထက် အလွန်နည်းပါးသည့် ပမာဏကို မှားပြောမိခြင်းဖြစ်သည်။ 

ယင်းအပြင် စီးပွားရေးကုန်ထုတ် စွမ်းအားပမာဏကိုလည်း ယူရို ၁၈၀၀ ဟု မှားပြီးပြောမိခဲ့ပြန်သည်။ တကယ်တမ်းတွင် ယူရို ၁ ဒသမ ၇ ထရီလီယံအထိ ရှိနေသည်။

ရွေးကောက်ပွဲမတိုင်မီတွင် ရုပ်သံဆွေးနွေးခန်းများဖြင့် မဲဆွယ်ရန် စီစဉ်ထားသော်လည်း မောပန်းနွမ်းနယ်နေသည်ဟုဆိုကာ အစီအစဉ်အချို့ကို ဖျက်ပစ်ခဲ့ရသည်။

“အသက်အရွယ်က စကားပြောလာပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း ဆုံးရှုံးမှုတွေ၊ အထိနာမှုတွေကသူ့ရဲ့ နိုင်ငံရေးစွမ်းဆောင်ရည် ကျဆင်းစေခဲ့တယ်ဆိုတာ မြင်သာပါတယ်”ဟု ရောမမြို့ရှိ လူးဝစ်တက္ကသိုလ်မှ ခေတ်သစ်သမိုင်း ပါမောက္ခ ဂျီယိုဗန်နီအော်စီနာက ပြောကြားခဲ့သည်။

ဘာလူစကိုနီ၏ ဗဟိုလက်ယာယိမ်း ဖော်ဇာအီတာလီယာ (Go Italy) ပါတီမှာ ၂၀၀၁ ခုနှစ်မှစပြီး ထောက်ခံမှု ထက်ဝက်ခန့် ကျဆင်းသွားခဲ့ပြီး ယခင်မဲဆွယ်ပွဲများကဲ့သို့ ဘာလူစကိုနီကို ထောက်ခံကြောင်း သီဆိုချီတက်သူများလည်း မတွေ့ရတော့သလောက် ဖြစ်သွားခဲ့သည်။

သို့သော်လည်း ဘာလူစကိုနီနှင့် ညွန့်ပေါင်းဖွဲ့ထားသည့် လက်ယာစွန်းဝါဒီ အဖွဲ့ချုပ်ပါတီနှင့် အီတလီညီအစ်ကိုများ ပါတီတို့၏ လူထုထောက်ခံမှု အားလုံးပေါင်းလိုက်သောအခါ အနိုင်ရရန် အခွင့်အလမ်း တစ်ရပ်ရှိလာခဲ့သည်။ လက်ယာစွန်းပါတီများ၏ အစွန်းရောက်လွန်းသော သတင်းစကားများကို ဘာလူစကိုနီက ပြန်ထိန်းပေးခြင်းဖြင့် အပြန်အလှန်အကျိုးပြုနိုင်သော ညွန့်ပေါင်းတစ်ရပ်ကို ဖွဲ့စည်းထားနိုင်ခြင်းဖြစ်သည်။

ဘာလူစကိုနီ သက်ငယ်ပြည့်တန်ဆာတစ်ဦးနှင့် ပျော်ပါးခဲ့သည်ဆိုသော စွပ်စွဲချက်အတွက် အပြစ်ပေးမခံခဲ့ရသော်လည်း ၂၀၁၃ တွင် အခွန်ရှောင်မှုများအတွက် စွဲချက်အမြောက်အမြား ရင်ဆိုင်ခဲ့ရပြီး လွှတ်တော်မှထွက်ပေးခဲ့ရသည်။ 

လက်ရှိတွင်လည်း ဘာလူစကိုနီသည် နိုင်ငံရေးရာထူး ရယူခွင့်ရှိမည် မဟုတ်ပေ။ အကြီးစားနှလုံးခွဲစိတ်မှု လုပ်ပြီးနောက် နှစ်နှစ်ခွဲခန့်မျှ နိုင်ငံရေးနယ်ပယ်မှ ပျောက်သွားခဲ့ရာ သူ့ကျန်းမာရေးနှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိနေသည်။ သို့သော်လည်း ဘာလူစကိုနီက သူ့အနေနှင့်ပါတီအတွက် ကိုယ်စားလှယ်လောင်းများ ရွေးရသည်ကသာ ပင်ပန်းကြောင်း ပြောကြားထားသည်။

“ရာထူးနေရာအတွက် ဝင်မပြိုင်နိုင်ပေမယ့် တခြားနိုင်ငံရေးခေါင်းဆောင်တွေ အားလုံးထက် ကျုပ်က သာပါသေးတယ်။ အရင်တုန်းကလို ထောက်ခံမှု ၇၅ ဒသမ ၃ ရာခိုင်နှုန်းဆိုတာမျိုးတော့ မရှိတော့ဘူးပေါ့ဗျာ”ဟု ဘာလူစကိုနီက ပြောကြားသည်။

ဘာလူစကိုနီသည် ယခုနှစ်အစောပိုင်းက မော်လ်တာကျွန်းကလေးတွင် အလုပ်သမား ၁၄ သန်းရှိသည်ဟု မှားပြောခဲ့ဖူးသည်။ (မော်လ်တာလူဦးရေမှာ ၄ သိန်းခွဲသာရှိသည်) စစ္စလီရေလက်ကြားကို တည်ဆောက်သွားမည်ဟုလည်း ပြောခဲ့ဖူးသည်။ သူပြောချင်သည်မှာ မက်ဆီနာရေလက်ကြားမှ စစ္စလီ၊ ထိုမှတစ်ဆင့် အီတလီကုန်းမကြီးကို ချိတ်ဆက်မည့် တံတားထိုးသွားမည်ဟု ရည်ရွယ်ခြင်းဖြစ်သည်။

သူပိုင် Canale5 ရုပ်သံတွင်လည်း သူ့လက်ထက်၌ အခွန်အမျိုးပေါင်း ၄ သိန်းကျော် ဖျက်ပေးခဲ့ဖူးသည်ဟု ကြွားဝါခဲ့သည်။ တကယ်တမ်းတွင် အခွန်အမျိုးအစား ရှုပ်ထွေးလွန်းသည်ဆိုသော အီတလီ၌ အလွန်ဆုံးအမျိုးအစား ၁၀၀ ထက် ပိုမရှိပေ။

သတိလက်လွတ် အမှားများပြောနေသော်လည်း ပလတ်စတစ်ဆာဂျရီနည်းဖြင့် ခွဲစိတ်ပြုပြင်ထားသော မျက်နှာမှာမူ နုပျိုနေဆဲဖြစ်သလို အခွန်လျှော့ပေးမည်ဆိုသော ဘာလူစကိုနီ၏ မဲဆွယ်ကတိမှာလည်း နိုင်ငံရေးနယ်ပယ်သို့ သူစဝင်စကဲ့သို့ပင် မဲဆန္ဒရှင်အချို့ကို ဆွဲဆောင်နေနိုင်ဆဲပင်ဖြစ်သည်။ 
 
F-03