News

POST TYPE

NEWS

မြိတ်-ဘန်ကောက် စင်းလုံးငှားလေယာဉ်ခရီးစဉ်များ အစိုးရခွင့်ပြု
22-Feb-2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်း မြိတ်မြို့နှင့် ဘန်ကောက်မြို့ခရီးစဉ်အတွက် စင်းလုံးငှားလေယာဉ် ခရီးစဉ်ကို ပူးပေါင်းပြေးဆွဲရန် ထိုင်းနိုင်ငံအခြေစိုက် New Gen Airline နှင့် Tun Htaik Tin ကုမ္ပဏီတို့အား ဖေဖော်ဝါရီလက ခွင့်ပြုခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

“စင်းလုံးငှားလေယာဉ်အနေနဲ့ ခွင့်ပြုထားတာပါ။ ဖေဖော်ဝါရီလအတွက်ကတော့ ၂၃ ရက်မှာ စဆွဲမယ်လို့ သိထားတယ်။ မတ်လအတွက်ကတော့ ၁၃ ခေါက် ဆွဲမယ်လို့ စာတင်ထားတယ်။ ပြေးဆွဲမှာကတော့ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တွေပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါခရီးစဉ်ကို ဘိုးရင် ၇၃၇- ၄၀၀ အမျိုးအစားဖြင့် ပြေးဆွဲခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် ခရီးသည်ဦးရေ ၁၅၀ အထိ တင်ဆောင်နိုင်မည်ဖြစ်ကြောင်း မြိတ်မှထိုင်းနိုင်ငံသို့ အသွားအပြန် ခရီးသည်တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၈၀ သတ်မှတ်ထားကြောင်း အဆိုပါလေကြောင်း လိုင်းတာဝန်ခံ ဦးသာဓုက ဆိုသည်။

“မြိတ်ကနေ ထိုင်းသွားချင်ရင် ရန်ကုန်ကိုတစ်ဆင့်လာပြီး သွားနေရတာတွေရှိတော့ တိုက်ရိုက်သွားလို့ရအောင် ဒီခရီးစဉ်ကို စီစဉ်လိုက်တာပါ”ဟု ဦးသာဓုက ဆိုသည်။

မြိတ်-ဘန်ကောက်ခရီးစဉ်ကို တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် နေ့လယ်ပိုင်းအချိန်များတွင် ပုံမှန်ပြေးဆွဲရန်စီစဉ်ထားပြီး လေကြောင်းလိုင်း လက်မှတ်များကို ယခုလကုန်တွင် အရောင်းအေးဂျင့်များထံမှတစ်ဆင့် စတင်ရောင်းချရန် စီစဉ်ထားကြောင်း ဦးသာဓုထံက သိရသည်။



  • VIA