News

POST TYPE

NEWS

ရန်ကုန်လိုင်စင် ကားသွင်းခွင့် တစ်စီး ၁၀ သိန်းမှ သိန်း ၉၀ အထိ သတ်မှတ်ရန်စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး ယာဉ်တင် သွင်းခွင့်လက်မှတ် (YVQC) တစ်ခုလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၉၀ အထိ သတ်မှတ်ရန်စီစဉ်နေကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လတ်တလော ရန်ကုန်လိုင်စင် ပြန်လည် ခွင့်ပြုရေးနှင့်ပတ်သက်၍ တိုင်းအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ်တို့ ပါဝင်သည့်အဖွဲ့တစ်ခုဖြင့် ဆွေးနွေးလျက်ရှိသည်။

“ဒီနှုန်းထားတွေကို မူကြမ်းရေး ဆွဲထားတာပါ” ဟု ဒေါက်တာစိုးထွန်းက ရှင်းပြသည်။

ထိုမူကြမ်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးမည့်အပြင် ပြည်ထောင်စု အစိုးရအဖွဲ့သို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန်လိုင်စင်ကို စင်ကာပူနိုင်ငံ၌ ကျင့်သုံးနေသည့် လေလံစနစ်ဖြင့် ခွင့်ပြုသည့် COE စနစ်အစား ဈေးနှုန်းတစ်ရပ် သတ်မှတ်၍ ခွင့်ပြုနိုင်ရန် စီစဉ်နေခြင်းဖြစ်သည့်အတွက် လက်ရှိဈေးနှုန်းမှာ အကြမ်းဖျင်း သတ်မှတ်ထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

လက်ရှိရန်ကုန်ကားလိုင်စင် ရန်ကုန် တိုင်းဒေသကြီး ယာဉ်တင်သွင်းခွင့်လက်မှတ် (YVQC-Yangon Vehicle Quota Certificate) မူကြမ်း၌ လိုင်စင်လျှောက်ထားခွင့်ရှိမည့် မော်တော်ယာဉ် အုပ်စုသုံးစုအဖြစ် လူစီး၊ လုပ်ငန်းသုံး၊ ခရီးသည်တင်ယာဉ်ဟူ၍ သုံးစုခွဲထားပြီး အလေးချိန် ခံနိုင်ဝန်နှင့် တင်ဆောင်နိုင်မည့် ခရီးသည် အရေအတွက်အလိုက် ထပ်မံ ခွဲခြားထားကြောင်း၊ Pick-up Extra Cab များနှင့် ၂၅၀၀ ကီလိုဂရမ်အောက် လုပ်ငန်းသုံး ယာဉ်နှင့် ကုန်တင်ယာဉ်များ၊ ၂၅၀၁ မှ ၅၀၀၀ ကီလိုဂရမ်အထိ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ် မီနီဘတ်စ်များ (၁၅ ယောက်စီးအောက်)၊ ခရီးသည်တင်ယာဉ် မီနီဘတ်စ်များ(၁၆ မှ ၂၇ ယောက်အထိ)၊ ခရီးသည်တင်ယာဉ်များ၊ ခရီးသည် တင်ယာဉ်များ(City Bus, Express)၊ ၅၀၀၁ ကီလိုဂရမ်အထက် ကုန်တင်ယာဉ်များနှင့် ယန္တရားများ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ သာသနာရေးဆိုင်ရာ ယာဉ်များ၊ အီလက်ထရစ်ကားများဟူ၍ ခွဲခြားထားကြောင်း ယင်းမူကြမ်းရေးဆွဲနေသူများထံမှ သိရသည်။

ရန်ကုန်လိုင်စင်တစ်စောင်လျှင် လူစီးကားများကို ကျပ်သိန်း ၃၀ မှ ၉၀ ခန့် အထိ၊ လုပ်ငန်းသုံးကားများကို ကျပ် ၁၀ သိန်းဝန်းကျင်၊ ကားကြီးများကို ကျပ်တစ်သိန်းခန့် သတ်မှတ်ထားပြီး သာသနာရေးယာဉ်များ၊ အီလက်ထရစ်ကားများကို အခမဲ့ပေးရန် စီစဉ်ထားကြောင်း ၎င်းတို့ ထံမှ သိရသည်။

ထို့ပြင် သက်တမ်း နှစ် ၂၀ ကျော်ပြီး လာရောက်အပ်နှံခြင်း မရှိသည့် မော်တော်ယာဉ်များကို မှတ်ပုံတင်ကြေး ကျော်လွန်သည့် နှစ်အလိုက် ကြေးတိုးမြှင့်ကောက်ခံရန်လည်း ရေးဆွဲထားကြောင်း ၎င်းတို့ထံမှ သိရသည်။

ထိုသို့ရန်ကုန်လိုင်စင်ကို COE (သို့မဟုတ်) YVQC စနစ်ဖြင့် ဧပြီလ ၁ ရက်နေ့မှစ၍ ပြန်လည်ခွင့်ပြုရန် စီစဉ်နေခြင်းကို ကားလုပ်ငန်းရှင် အများစုက အကောင်းမြင်ကြပြီး ရန်ကုန်မြို့၏ လမ်းကျပ်တည်းမှုကို ဖြေရှင်းရာတွင် နယ်လိုင်စင်ယာဉ်နှင့် လိုင်စင်မဲ့ကားများကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။

လတ်တလော မော်တော်ယာဉ် ဈေးကွက်အတွင်း ရန်ကုန်လိုင်စင် ပြန်လည် ပေးအပ်မည်ဆိုခြင်းနှင့်ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လျက်ရှိပြီး တစ်နှစ်လျှင် အစီးရေမည်မျှခွင့်ပြု မည်ဆိုသည့် အရေအတွက် ကန့်သတ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ကို ပါကင်ပါမစ် ထောက်ခံချက်ဖြင့် ပေးနေရာမှ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့၌ ရပ်တန့်ခဲ့ရာ ယခုအခါ စနစ်သစ်ဖြင့် ပြန်လည်ခွင့်ပြုနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

S-04