News

POST TYPE

NEWS

သြစတြေးလျမြို့တစ်မြို့တွင် သဲမုန်တိုင်း တိုက်ခတ်
21-Feb-2018


ကန်ဘာရာ၊ ဖေဖော်ဝါရီ ၂၁

သြစတြေးလျရှိ မြို့တစ်မြိုကို သဲမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး မြို့တစ်ခုလုံး လိမ္မော်ရောင် ဖုန်မှုန့် သဲမှုန့်များ ဖုံးလွှမ်းခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

ကွင်းစ်လန်းမြို့ အနောက်တောင်ဘက်ရှိ ချာလီဗေးလ်မြို့ကို အင်္ဂါနေ့တွင် တိုက်ခတ်ခဲ့ပြီး သစ်ပင်များ ကျိုးကျကာ အသေးစား ပျက်စီးမှုများဖြစ်ပေါ် စေခဲ့သည်ဟု သိရသည်။

မြို့နေပြည်သူ အများအပြားမှာ ၎င်း သဲမုန်တိုင်းတိုက်ခတ်သည့် အဖြစ်အပျက် ဓာတ်ပုံများနှင့် ဗီဒီယိုများကို လူမှုကွန်ယက်ပေါ်သို့ တင်ခဲ့ကြသည်။

လက်တလော ရာသီဥတု အခြေနေများကြောင့် ၎င်းဒေသရှိ ဖုန်နှင့် သဲများ ပါဝင်သည့် လေ အပြင်းအထန် တိုက်ခတ်ခြင်းဖြစ်သည်ဟု အာဏာပိုင်များမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဲမုန်တိုင်းသည် ၂၀၀ ကီလိုမီတာ(၁၂၄ မိုင်) ခန့် အကျယ်ရှိခဲ့သည်ဟု သြစတြေးလျ မိုးလေဝသအဖွဲ့မှ ဟယ်ရီကလာ့ခ်က ခန့် မှန်းခဲ့သည်။ လေတိုက်နှုန်းမှာ တစ်နာရီ ၉၆ ကီလိုမီတာ (တစ်နာရီ မိုင် ၆၀) အထိ ရှိခဲ့သည်။

“မိုးချုန်းသံ ကြားရလို့ အပြင် ထွက်ကြည့်လိုက်တယ်၊ လှည့်ကြည့်လိုက်တာနဲ့ ဖုန်လုံးနီနီကြီးက တဖြေးဖြေးချင်း ရွေ့လာတာကို တွေ့ရတယ်”ဟု မြို့နေပြည်သူ ပေ့ဂ်ျဒိုနယ်က ပြောကြားသည်။

နာရီ အနည်းငယ် ကြာတိုက်ခတ်ခဲ့ပြီး မြို့တွင်းရှိ ဆိုင်းဘုတ်များနှင့် အိမ်အချို့သာ ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ်ခဲ့သည်ဟု ရဲဌာနက ထုတ်ပြန်သည်။

F-06