News

POST TYPE

NEWS

အိန္ဒိယတွင် အောက်လမ်းဖြင့်ပြုစားသည်ဟုစွပ်စွဲကာ နှိပ်စက်ညှဉ်းပန်းခဲ့သူ ၁၁ ဦးကို ရဲကဖမ်းဆီး
ဒေလီ၊ ဖေဖော်ဝါရီ ၂၀

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျဟတ်ခန်း ပြည်နယ်တွင် အောက်လမ်းနည်းဖြင့် ပြုစားသည်ဟုစွပ်စွဲကာ အမျိုးသမီးနှစ်ဦးကို နှိပ်စက်ညှဉ်းပန်းမှုဖြင့် လူ ၁၁ ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

၆၅ နှစ်အရွယ်နှင့် ၃၅ နှစ်အရွယ် သားအမိနှစ်ယောက်ကို ထိုသူများက စုန်းမဟုစွပ်စွဲကာ အဝတ်အစားချွတ်၍ လမ်းပေါ်တွင် လမ်းလျှောက်ခိုင်းခြင်းနှင့် မစင်စားခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

ကျေးရွာတွင် နေထိုင်မကောင်းဖြစ်အောင် ပြုစားသည်ဟု ၎င်းတို့သားအမိကို စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူက ပြောကြားသည်။

အိန္ဒိယအနှံ့အပြားတွင် အမျိုးသမီးများကို ပစ်မှတ်ထားသော စုန်းမဖမ်းပွဲများကို တွေ့ရလေ့ရှိသည်။ အဆိုပါ တိုက်ခိုက်မှုအချို့၏နောက်ကွယ်မှ အကြောင်းရင်းမှာ အယူသီးသောယုံကြည်မှုများဖြစ်ပြီး တစ်ခါတစ်ရံ မြေနှင့် ပိုင်ဆိုင်မှုပစ္စည်းများအတွက် မုဆိုးမများကို ပစ်မှတ်ထား တိုက်ခိုက်မှုများလည်းရှိသည်ဟု လေ့လာသူများက ဆိုသည်။

ပြီးခဲ့သော ကြာသပတေးနေ့က သားအမိနှစ်ယောက်နေအိမ်တွင် ရှိနေစဉ် ဆွေမျိုးများက အိမ်တံခါးကို ကြမ်းကြမ်းတမ်းတမ်းလာပုတ်ခဲ့ကြပြီး အောက်လမ်းဖြင့် ပြုစားသည်ဟု စွပ်စွဲခဲ့ကြကြောင်း နစ်နာသူသားအမိအနက်မှ မိခင်ဖြစ်သူက BBC သို့ ပြောကြားသည်။

သူမတို့၏ ဆွေမျိုးများထဲမှ အမျိုးသမီးနှစ်ဦးက ၎င်းတို့၏ မိသားစုဝင်တစ်ဦး သေဆုံးပြီးနောက် ရမ်းကုဆေးဆရာတစ်ဦးကို ခေါ်ယူမေးမြန်းခဲ့ရာ ထိုဆေးဆရာက သူမတို့သားအမိကို အပြစ်ဖို့ခဲ့သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

“နောက်တစ်နေ့မှာ ကျွန်မတို့ သားအမိကို စွပ်စွဲပြီး ဝိုင်းဝန်းနှိပ်စက်ကြတော့တာပါပဲ”ဟု သမီးဖြစ်သူက ပြောပြသည်။

သူမတို့သားအမိက ငြင်းဆန်သော်လည်း သုသာန်သို့ ဆွဲခေါ်သွားပြီး မစင်များ၊ သေးများဖြင့် ပစ်ပေါက်ကာ ပါးစပ်ထဲသို့ ထိုးသွင်းခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက်တွင် အတင်းအကျပ် ကတုံးရိတ်ကာ အဝတ်အစားများ ချွတ်ပစ်ပြီး ရွာထဲတွင်ပတ်၍ လမ်းလျှောက်ခိုင်းခဲ့သည်။

သူမတို့ကို ကူညီမည့်သူလည်းမရှိဘဲ များစွာကြောက်ရွံ့ခဲ့သည်ဟု နစ်နာသူသားအမိက ပြောကြားသည်။

နောင်ကာလတွင် အလားတူဖြစ်ရပ်မျိုး မဖြစ်စေရန် ကျေးရွာတွင် ပညာပေးစည်းရုံးမှုကို စတင်လုပ်ဆောင်နေပြီး နစ်နာသူသားအမိကို လုံခြုံရေးတိုးမြှင့်စောင့်ကြပ်ပေးထားသည်ဟု ရဲများကပြော ကြားသည်။

F-04