News

POST TYPE

NEWS

ဂျပန်တွင် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက် ဆောက်ရန် စီစဉ်
21-Feb-2018



တိုကျို၊ ဖေဖော်ဝါရီ ၂၀

ဂျပန်ကုမ္ပဏီတစ်ခုသည် ၂၀၄၁ ခုနှစ်တွင် ကျရောက်မည့် နှစ် ၃၅၀ မြောက် ထူထောင်မှုအထိမ်းအမှတ်အဖြစ် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်ကိုတည် ဆောက်ရန်စီစဉ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အထပ်ပေါင်း ၇၀ ရှိမည့် W350 တာဝါ၏ ၁၀ ရာခိုင်နှုန်းမှာ သံမဏိဖြစ်ပြီး ပြည်တွင်းသစ်သား ၁၈၀,၀၀၀ ကုဗမီတာဖြင့် တွဲဖက်ဆောက်လုပ်မည်ဟု ဆူမီတိုမို ဖောရက်စထရီကုမ္ပဏီက ပြောကြားသည်။

တာဝါတွင် နေအိမ်အခန်းပေါင်း ၈၀၀၀ ပါဝင်မည်ဖြစ်ပြီး လသာဆောင်နှင့် ဝရန်တာများတွင် သစ်ပင်၊ ပန်းပင်များ ထည့်သွင်းထားမည်ဟု ဆိုသည်။

ပေ ၁၁၅၀ မြင့်မည့် သစ်နှင့်သံမဏိ ပေါင်းစပ်အဆောက်အအုံ၏ အလယ်ဗဟိုတွင် တုန်ခါမှုထိန်း ထောင့်ဖြတ်စတီးကြိုးများ ထည့်သွင်းထားမည်ဖြစ်ရာ တိုကျိုတွင် လှုပ်နေကျ ငလျင်ဒဏ်ကို ခံနိုင်မည်ဖြစ်သည်။

ကုန်ကျစရိတ်သည် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံခန့် ရှိမည်ဖြစ်ရာ အရွယ်အစားတူ ပုံမှန် မိုးမျှော်တိုက်တစ်လုံးအတွက် ကုန်ကျမည့်ငွေ၏ နှစ်ဆဖြစ်သည်။ သို့ရာတွင် သတ်မှတ်ရက်မတိုင်မီ နည်းပညာတိုးတက်မှုများကြောင့် စရိတ်သက်သာနိုင်သည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

သစ်သားမိုးမျှော်တိုက် အိုင်ဒီယာသည် အသစ်အဆန်းမဟုတ်ပေ။ ဂျပန်တွင် သုံးထပ်မကျော်သော အများပိုင် အဆောက်အအုံများတွင် သစ်သားထည့်သွင်း အသုံးပြုရန် ၂၀၁၀ ခုနှစ်ကတည်းက ဥပဒေ ထုတ်ပြန်ထားသည်။ ကမ္ဘာပေါ်တွင်လည်း မင်နီယာနာပိုလစ်မှ သစ်သားဖြင့် ဆောက်လုပ်သော ၁၈ ထပ် အဆောက်အအုံ၊ လက်ရှိတွင် အမြင့်ဆုံးသစ်သားမိုးမျှော်တိုက်ဆုကို ရရှိထားသည့် ဗန်ကူးဗားမှ ပေ ၁၅၀ မြင့်သော ကျောင်းအိပ်ဆောင် စသည်တို့ကို တွေ့နိုင်သည်။

ကွန်ကရစ်နှင့် သံမဏိအဆောက်အအုံများ တည်ဆောက်ရန်အတွက် ကနဦး ကုန်ကြမ်းထုတ်လုပ်မှုအဆင့်တွင် ကာဗွန်ထုတ်လွှတ်မှု များလွန်းသောကြောင့် တစ်ကမ္ဘာလုံး ကာဗွန်ထုတ်လွှတ်မှု၏ ၈ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်း အသီးသီးရှိကြသည်။

သစ်သားမှာမူ ကာဗွန်ကို မထုတ်သည့်အပြင် စုတ်ယူသိုလှောင်ပေးနိုင်သည်။ ဂျပန်နိုင်ငံတွင် နိုင်ငံဧရိယာ၏ သုံးပုံနှစ်ပုံကို သစ်တောများက ဖုံးလွှမ်းထားသည်။

မီးလောင်မှု ခံနိုင်ရည်ရှိရေးသည် အရေးကြီးသောအချက်ဖြစ်သော်လည်း ယခု အသုံးများလာသည့် cross laminated timber CLT အမျိုးအစားသည် မြင့်မားသော အပူချိန်ကို စတီးထက် ခံနိုင်ရည်ပိုရှိသည်ဟု သိရှိရသည်။

သစ်သားမိုးမျှော်တိုက်သည် ကုန်ကျစရိတ် များလွန်းသော်လည်း ဂျပန်၏ အိမ်နီးချင်းနိုင်ငံများတွင် မကြာမီအတွင်း ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

F-04