News

POST TYPE

NEWS

ကြည်လင်းအပါအဝင် လေးဦးအား စွဲချက်တင်ထားမှုကို မလုံလောက်ဟုဆိုကာ တိုင်းတရားလွှတ်တော်ထံ ပြင်ဆင်ချက်တင်သွင်း
20-Feb-2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်း အသတ်ခံရမှုတွင် ကြည်လင်း အပါအဝင် လေးဦးကို မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ထားသည့် ပုဒ်မများမှာ လုံလောက်မှုရှိသည်ဟု မဆိုနိုင်သဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံသို့ စွဲချက်ပြင်ဆင် ဖြည့်စွက်ပေးရန် တင်သွင်းခဲ့ကြောင်း ကိုနေဝင်း၏ မိသားစုဘက်မှ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ 

“ကြည်လင်း အပါအဝင် လေးယောက်စလုံးကို ခရိုင်ရုံးမှာ တင်ထားတဲ့ စွဲချက်ပုဒ်မတွေက မလုံလောက်ဘူးထင်လို့ ကွယ်လွန်သူ အငှားယာဉ်မောင်း ကိုနေဝင်းဘက်ကနေ ကျွန်တော်က တိုင်းတရားလွှတ်တော်မှာ ပြင်ဆင်ဖြည့်စွက်ပေးပါဆိုပြီး တင်သွင်းခဲ့တာပါ။ တရားစွဲဆိုခံရသူတွေဘက်ကလည်း ပြီးခဲ့တဲ့ အပတ်က သူတို့ရဲ့ စွဲချက်တင်အမိန့်ကို ပယ်ဖျက်ပေးဖို့ တိုင်းတရားလွှတ်တော်မှာ လာလျှောက်ထားတယ်”ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ကိုနေဝင်းဘက်မှ ကြည်လင်း အပါအဝင် လေးဦး၏ စွဲချက်တင်ထားသည့်ပုဒ်မကို ပြင်ဆင်ဖြည့်စွက်ပေးရန် ရာဇဝတ် ပြင်ဆင်မှုအမှတ် ၅၇(ခ) ဖြင့် တိုင်းတရား လွှတ်တော်ထံ တင်သွင်းခဲ့ပြီး သေဒဏ် အမိန့် ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ခံရသူ ကြည်လင်း အပါအဝင် သုံးဦးကလည်း တိုင်းတရားလွှတ်တော်တွင် စွဲချက်အမိန့် ပယ်ဖျက်ပေးရန် ရာဇဝတ်ပြင်ဆင်မှု အမှတ် ၄၈(ခ)။၂၀၁၈နှင့် ၅၄(ခ) ၂၀၁၈ တို့ဖြင့် တင်သွင်းထားကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယာဉ်မောင်း ဦးနေဝင်း၏ မိသားစုက ပြင်ဆင်ချက် တင်သွင်းထားသော်လည်း ရှေ့နေ ဦးကိုနီ၏ မိသားစုဘက်က မြောက်ပိုင်းခရိုင်တရားရုံးမှ စွဲချက်တင်ထားသည့် အမိန့်နှင့်ပတ်သက်ပြီး တိုင်းတရားလွှတ်တော်ထံ တစ်စုံတစ်ရာ တင်ပြထားခြင်း မရှိသေးကြောင်း ဦးကိုနီ မိသားစုဘက်မှ ရှေ့နေဦးနေလက ပြောကြားသည်။

ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှ ဖမ်းဆီးထားသော ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ လေးဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့က မြောက်ပိုင်းခရိုင် တရားရုံးတွင် စွဲချက်တင်အမိန့်ချမှတ်ခဲ့ရာ ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ သုံးဦးမှာ သေဒဏ် အမိန့်ချမှတ်နိုင်သည့် ပြစ်မှု ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် အမိန့်ချမှတ်ခံရပြီး အောင်ဝင်းထွန်းမှာ ပြစ်မှုပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခံရသည်။

အဆိုပါ အမှုတွင် အသက် သေဆုံးခဲ့ရသည့် အငှားယာဉ်မောင်း ကိုနေဝင်း အမှုနှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ကြည်လင်းကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ထားသည်။

အဆိုပါ အမှုတွင် လွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို တရားခံပြေးအဖြစ် ကြေညာထားပြီး ယင်းအမှုကို ရုံးချိန်း ၄၄ ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။

S-03