News

POST TYPE

NEWS

NCA အကောင်အထည်ဖော်မှုတွင် မွန်နှင့် လားဟူအဖွဲ့တို့ ပါဝင်လာရေး အပစ်ရပ်လက်နက်ကိုင်များ ဆွေးနွေး
20-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လာရန် အပစ်ရပ် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးခဲ့ကြကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက NCA စာချုပ်တွင် လက်မှတ်ရေးထိုး ပါဝင်လာသည့် မွန်နှင့် လားဟူလက်နက်ကိုင်နှစ်ဖွဲ့ ပါဝင်လာသည့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ညှိနှိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့သည် အဆိုပါ အစည်းအဝေးကို ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွင် မည်သို့ပါဝင်ကာ အခြား လက်နက်ကိုင်အဖွဲ့များနှင့် မည်သို့ ညှိနှိုင်း ဆောင်ရွက်သွားမည်ကို ဆွေးနွေးခဲ့ကြကြောင်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ ထံမှ သိရသည်။

အဓိကအားဖြင့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးမှ ကိုယ်စားလှယ်များ NCA အရ စုဖွဲ့ထားသည့်အဖွဲ့များဖြစ်သည့် UPDJC, JMC, JICM စသည့် အစုအဖွဲ့များတွင် မည်သို့ ပါဝင်နိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှင်းလင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ အစည်းအဝေးထံမှ သိရသည်။

အဆိုပါ အစည်းအဝေးသည် အပစ်ရပ် လက်မှတ်ထိုး အဖွဲ့များဖြစ်သော PPST နှင့် နောက်ထပ် ပါဝင်လာသည့် အဖွဲ့များအကြား မည်သို့ ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်သွား၍ ဘုံသဘောထားများ ချမှတ်ရေး ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရုံး NCA-s EAO ၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့တို့ NCA လက်မှတ်ရေးထိုးပြီးနောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့ မှ RCSS အဖွဲ့ကလည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရန် လိုအပ်သေးသောကြောင့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဆိုင်းငံ့ထားသည်။

လက်ရှိတွင် NCA သဘောတူစာချုပ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး- (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ လက်မှတ်ထိုးထားသည်။  

J-08