News

POST TYPE

NEWS

နယူးဇီလန် ခရစ်ချာ့ခ်ျ မြို့တွင် မုန်တိုင်း အရေးပေါ်အခြေနေ ကြေညာ
20-Feb-2018 tagged as မုန်တိုင်း

ဝယ်လင်တန်၊ ဖေဖော်ဝါရီ ၂၀

ဆိုင်ကလုန်းမုန်တိုင်းဟောင်း ဂီတာတိုက်ခတ်ပြီးနောက် နယူးဇီလန်တောင်ကျွန်းရှိ ခရစ်ချာ့ခ်ျမြို့နှင့် အခြားခရိုင်နှစ်ခုတွင် အရေးပေါ် သတိပေး နှိုးဆော်ချက်များ ပြုလုပ်ခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

ယနေ့နံနက် နယူးဇီလန် ကုန်းတွင်းပိုင်းတွင် စတင်တိုက်ခတ်ခဲ့ပြီး တောင်ကျွန်းပေါ်ရှိ လမ်းများနှင့် ကျောင်များ ပိတ်ထားခဲ့ရသည်ဟု သိရသည်။

နယူဇီလန် ပြည်တွင်း လေကြောင်းလိုင်းများ အဝင် အထွက် ပျံသန်းမှု ရပ်စဲခဲ့ရသည်။

အိမ်ယာများ ရေနစ်မြုပ်နိုင်ပြီး လေတိုက်ခတ်နှုန်းမှာလည်း တစ်နာရီ ၁၅၀ ကီလိုမီတာ (တစ်နာရီမိုင် ၉၀) နှုန်းအထိ တိုက်ခတ်နိုင်သည်ဟု အသိပေးကြေညာသည်။

ဂရေးခရိုင်နှင့် ဘူလာခရိုင် နှစ်ခုကိုလည်း အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

“အဓိက တိုက်မယ့်မုန်တိုင်းက ညတွင်းချင်း မဟုတ်ရင် မနက်ဖြန် မနက်လောက်ဖြစ်မယ်”ဟု ခရစ်ချာ့ခ်ျမြို့ဝန် လီယန်းဒယ်ဇီယယ်ကဆိုသည်။

လီယန်းက “အိမ်တွေ ရေမြုပ်နိုင်လောက်တယ်”ဟုဆိုကာ မြေနိမ့်ပိုင်းရှိ လူနေအိမ်ယာများကို ပြောင်းရွှေ့ရန် အသိပေးခဲ့သည်။

မုန်တိုင်းဒဏ် အများဆုံး ခံခဲ့ရသည့်နေရာများသို့ ကယ်ဆယ်ရေး အဖွဲ့များ အားစေလွှတ်ခဲ့သည်ဟု ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က ပြောဆိုခဲ့သည်။ အရပ်ဘက် ကာကွယ်ရေးနှင့် အရေးပေါ် စီမံ ခန့်ခွဲရေးဌာနသည်လည်း အသင့်အနေအထားတွင်ရှိသည်ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

“အရေးပေါ် သတိပေးချက်တွေကို လိုက်နာပါ။ ပြီးတော့ မုန်တိုင်းပြန်ဝင်လာရင် ပြောင်းရွှေ့ဖို့ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်၊ အဲ့ဒါကြောင့် သတိ အများကြီးထားဖို့ လိုပါမယ်ဆိုတာကိုပဲ ပြည်သူတွေကို စကားပါးချင်ပါတယ်”ဟု ဂျာဆင်ဒါ အာဒန်က လွှတ်တော်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

F-06