News

POST TYPE

NEWS

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်၏ မေးခွန်း ဥပဒေနှင့် မညီသောကြောင့် ပယ်ချ၊ လွှတ်တော်ဥက္ကဋ္ဌ ရှင်းလင်း
19-Feb-2018
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ကြံ့ခိုင်ရေးပါတီဝင် ကရင်ပြည်နယ်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင် မေးမြန်းသည့်မေးခွန်းသည် ဥပဒေနှင့်မညီသောကြောင့် ပယ်ချလိုက်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စားလှယ်များကို ရှင်းလင်းပြောကြားလိုက်သည်။

“လွှတ်တော်ဆိုင်ရာ ဥပဒေမှာ လွှတ်တော်မေးခွန်းနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်၊ စည်းကမ်းချက်ကို ပြန်ကြည့်တဲ့အခါမှာ နည်းဥပဒေ ၁၄၀ (ဂ) မှာ ဥပဒေဆိုင်ရာ နက်နဲသော ပြဿနာများကို ဖြေရှင်းတောင်းဆိုခြင်း သို့မဟုတ် မဖြစ်ပေါ်သေးသော ကိစ္စနှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ကြောင်း ဖော်ပြမေးမြန်းခြင်းမပြုရဆိုပြီး ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ ဒါဟာ ဥပဒေဆိုင်ရာကိစ္စ ဖြစ်တာလည်းပါတယ်။ နောက်ပြီးတော့ မဖြစ်ပေါ်သေးတဲ့ကိစ္စ။ ဖွဲ့စည်းရင် ပြင်ပြီးရင် မြို့ကို ခရိုင်ပေးဖို့ မေးထားတာ။ ဒါကြောင့်မို့ ဒါနဲ့ ငြိစွန်းလို့ ကျွန်တော် မပေးခဲ့ခြင်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းအမှတ်စဉ် ၅ (ဃ) တွင် ညောင်လေးပင်မြို့ကို ခရိုင်အဆင့် တိုးမြှင့်ရန်နှင့် ဖက်ဒရယ်စနစ်အား ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွဲခဲ့လျှင် ညောင်လေးပင်မြို့ကို ခရိုင်အဆင့် ထည့်သွင်းရေးဆွဲရန် အစီအစဉ် ရှိ မရှိ ဦးစောထွန်းမြအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးတဲ့ စည်းကမ်းချက်၊ ကန့်သတ်ချက်တွေနဲ့မညီရင် ကျွန်တော် တားမှာပဲ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လာရောက်ထောက်ပြ ပြောကြားခဲ့ခြင်းဖြစ်သောကြောင့် လွှတ်တော်တွင် မေးခွန်းကို မေးမြန်းခွင့် မပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမေးခွန်းနှင့်ပတ်သက်၍ မည်သည့် အတွက်ကြောင့် ပယ်ထားခဲ့ခြင်းကို မသိရှိကြောင်း လွှတ်တော်ပြင်ပတွင် ကိုယ်စားလှယ်အချို့၏ ပြောဆိုမှုကြောင့် ယင်းကဲ့သို့ ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။

S-01